ပိုက်ဆံကောက်ရရင် အိမ်ပြန်မယ်

သူ့ကိုတွေ့နေကျမို့ ရင်းနှီးနေပါပြီ။

တခြားဆေးသမားတွေနည်းတူ သူလည်းအိတ်တစ်လုံးဆွဲကာ တစ်မြို့လုံးအနှံ့ အမှိုက်ပုံ၊ အမှိုက်တောင်းတွေထဲတွင် ဗူးခွံ၊ ပုလင်းခွံ၊ တိုလီမုတ်စတွေ လိုက်ကောက်လေ့ရှိသည်။ ပြီးလျှင် တစ်ဖက်ကမ်း တရုတ်နိုင်ငံတွင် သွားရောင်းပြီး ဆေးဖိုးရှာသည်။ တခြားဆေးသမားတွေက လူလစ်လျှင် လစ်သလို ခိုးဝှက်တတ်ပေမဲ့ သူကတော့ ရိုးသားပုံရပါသည်။

‘သူ’လို့သာ ရည်ညွှန်းသုံးနှုန်းလိုက်ပေမဲ့ တကယ်တမ်းတော့ ကျွန်တော်သူ့အကြောင်း ကောင်းကောင်းမသိပါဘူး။ သူ့နာမည်၊ သူ့ဇာတိ၊ သူဘာကြောင့် ဒီလိုဘဝမျိုးရောက်နေရတာလည်းဆိုတာတွေကို မမေးကြည့်ဖူးပါဘူး။ သူ့အသက်ကတော့ အတန်ငယ်ကြီးနေပါပြီ။ ဒါပေမဲ့ တွေ့သည့်လူတိုင်းကို ကြီးကြီးငယ်ငယ်မရွေး အစ်ကို၊ အစ်မလို့ခေါ်ပြီး စကားပြောတတ်သည်။ သူလိုချင်တာရှိလျှင် ကောင်းကောင်းမွန်မွန်ပြောပြီး တောင်းသည်။ ကျွန်တော်တို့ကလည်း သူလာလျှင် အချိုရည်ဗူးခွံတွေကို ထုတ်ပေးလေ့ရှိသည်။ ပြီးတော့ သူတစ်ပါးပစ္စည်းကို မခိုးဝှက်ရန်လည်း မှာကြားရသေးသည်။ ဒီလိုနှင့် ထိုဆေးသမားနှင့် ရင်းနှီးနေခြင်းဖြစ်သည်။

ထိုဆေးသမားကြီးကိုတွေ့သည့်အခါတိုင်း စိတ်ချမ်းသာရသည်မရှိပေ။ အမြဲတမ်း ဒဏ်ရာပရပွတွေနှင့်သာ…၊ ခန္ဓာကိုယ်ကွက်တိကွက်ကျား၌ ပတ်တီးစတွေကို ဖြစ်သလိုစည်းထားသည်။ တခြားဆေးသမားတွေလည်း ထိုနည်း၎င်းပင်…။ ဆေးသမား၊ ဖိုးသမားဆိုသည်ကလည်း ဟိုချောင်နား ကုပ်ကုပ်၊ ဒီချောင်နားကုပ်ကုပ်ဆိုတော့ ကြည့်မရသူတွေက ဝင်ရိုက်နှက်သွားတတ်သည်။ သူများပစ္စည်းခိုး၍မိလျှင်တော့ သာ၍ဆိုးသည်။ ဒီနေရာမှာ ကျွန်တော်အလုပ်လုပ်သည့် မြို့လေးအကြောင်းတော့ အနည်းငယ်ထည့်ပြောလိုသည်။

ကျွန်တော်အလုပ်လုပ်သည့် မြို့က မြန်မာပြည်အထက်ပိုင်းရှိ တရုတ်မြန်မာနယ်စပ်မြို့လေးတစ်မြို့ဖြစ်သည်။ နယ်စပ်မြို့ဖြစ်တာကြောင့် စီးပွားရှာလို့ကောင်းသောနေရာဖြစ်ပေမဲ့ မြို့ကို ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များက အုပ်ချုပ်သည်၊ မြို့ဧရိယာက ကျဉ်းကျဉ်းလေးဖြစ်သည်။

မြို့၏ အဓိကစီးပွားရေးလုပ်ငန်းများမှာတော့ ကျောက်စိမ်း၊ ကျွန်းသစ်တို့ဖြစ်ပြီး တရုတ်သူဌေးများလာရောက်ဖွင့်လှစ်ထားသည့် ဆိုင်ကယ်ကုမ္မဏီများရှိသည်။ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် တရုတ်ဆိုင်ကယ်ဝင်ရောက်ရာအဓိကကျသည့် နယ်စပ်မြို့များထဲက တစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။

မြို့ထဲမှာတော့ ‘ပဲ့ကျားလှော်’ ဟုခေါ်သည့် လောင်းကစားဝိုင်းကြီးတစ်ခုရှိသည်၊ တရုတ်ငွေအထပ်လိုက်ဖြင့် လောင်းကြေးထပ်နိုင်သည့် ဘောလုံးလောင်းရုံများရှိသည်၊ အပေါင်ဆိုင်များ၊ ရိုးရိုးအနှိပ်ခန်းများ(ဆန်းဆန်းအနှိပ်ခံချင်လည်း ရပါသည်။)၊ ရှိသည်။ မူးယစ်ဆေးဝါးများ ရနိုင်သည်။ ဘိန်းစား၊ ဆေးသမားတွေကို အလွှာအသီးသီးတွင် တွေ့နိုင်သည်။

ကျွန်တော်အလုပ်လုပ်သောမြို့နှင့် တရုတ်နိုင်ငံသည် ရေချောင်းသေးသေးလေးတစ်ခုသာခြားသည်။ တစ်ဖက်နိုင်ငံသို့ ကူးလိုပါက ဖြတ်သန်းခွင့်စာအုပ်နီ ရှိမှာသာ ကူးခွင့်ရှိသည်။ တခြားနည်းလမ်းအနေနှင့် ချောင်းကိုခိုးဖြတ်လျှင်တော့ တစ်ဖက်နိုင်ငံသို့ ရောက်နိုင်ပါသည်။ ဆေးသမားများက ၎င်းတို့ကောက်ယူစုဆောင်းလာသမျှသော တိုလီမုတ်စများ၊ ပုလင်းခွံများနှင့် ခိုးဝှက်လာသော ပစ္စည်းများကို ချောင်းကိုဖြတ်ကာ တရုတ်ဘက်ကမ်းသို့ သွားရောင်းကာ ဆေးဖိုးရှာလေ့ရှိသည်။

တစ်နေ့တော့ ကျွန်တော်တို့၏ အဆွေတော် ဆေးသမား ဆေးဖိုးအလို့ငှာ ဗူးခွံကောက်ထွက်လာသည်။ နှုတ်ကလည်း ပွစိပွစိနှင့် ဘာတွေရေရွတ်နေမှန်းမသိ၊ ကျွန်တော်တို့ဆိုင်ရှေ့ရောက်လာတော့ အမှိုက်ပုံးထဲတွင် သူလိုချင်တာတွေကို ရှာဖွေနေရင်း နှုတ်ကနေ…

“အခုနေ တရုတ်ငွေတစ်ရာကောက်ရရင် သိပ်ကောင်းမှာပဲ” တဲ့….။

ကျွန်တော်တို့လည်း ကြားကြားချင်းရယ်မိကြသည်(တရုတ်ငွေတစ်ရာသည် မြန်မာငွေ တစ်သောင်းလေးထောင်ဝန်းကျင်နှင့် ညီမျှသည်)။ ခါတိုင်းမြန်မာသံစဉ်သီချင်းများကို တစ်ပိုင်းတစ်စသီဆိုလေ့ရှိသူက တစ်မူထူးနေသည်။ သို့သော် ဆေးသမားမို့ ဆေးဖိုးလို၍သာ ထို့သို့ပြောခြင်းဖြစ်မည်ဟုသာ ကျွန်တော်တို့ထင်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း နောက်ပြောင်လိုသောအားဖြင့် ထိုဆေးသမားအား မေးလိုက်သည်…

“ခင်ဗျား… တရုတ်ငွေတစ်ရာ ကောက်ရရင် ဘာလုပ်မလို့လဲ”

“တစ်ရာလောက်ကောက်ရရင် အိမ်ပြန်တော့မှာပေါ့ အစ်ကိုရာ….” တဲ့… ခပ်လေးလေးပြန်ဖြေသည်။

ထင်မှတ်မထားသော တုံ့ပြန်စကားဖြစ်ပေမဲ့ အမှန်အတိုင်းဝန်ခံရပါလျှင် ထိုစဉ်တုန်းက ဆေးသမား၏ အဖြစ်ကို ကျွန်တော်တို့တွေ ပြောပြောပြီး ရယ်ခဲ့ကြသည်။ ထိုဆေးသမား၏ ခံစားချက်ကို ပြက်ရယ်ပြုခဲ့ကြသည်။ ဘာကြောင့်ဆို ဆေးသမားတွေအတွက် သူတို့၏ခင်တွယ်ရာသည် မူးယစ်ဆေးဝါးလို့သာ ကျွန်တော်တို့မှတ်ယူထားကြသည်လေ…။ သူတို့ဘဝတွင် မူးယစ်ဆေးဝါးကသာ ကိုးကွယ်ရာ၊ သူတို့သည် မူးယစ်သားကောင်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်လာလျှင် ဘယ်ပြစ်မှုကိုမဆို ကျုးလွန်ရဲသည်ဟု ကျွန်တော်တို့တွေ သိထားခဲ့ကြသည်လေ…။

ဒါကြောင့် ထိုဆေးသမား၏ အိမ်ပြန်ချင်သည့် ခံစားချက်ကို ကျွန်တော်တို့တွေ အလေးထားရကောင်းမှန်းမသိခဲ့၊ သူ၏ ပိုက်ဆံကောက်ရရင် အိမ်ပြန်မယ် ဆိုသည့်စကားမှာလည်း ဆေးကြောင်တုန်း လျှောက်ပြောခြင်းဟူ၍သာ ထင်မှတ်ခဲ့ကြသည်။

သို့သော်…..

ကာလအတန်ငယ်ကြာလို့ နယ်စပ်တိုက်ပွဲများပြင်းထန်လာချိန်တွင်တော့ ထို့မြို့လေးကို ကျွန်တော်စွန့်ခွာကာ… ဝမ်းစာအတွက် အခြားမြို့များတွင် အလုပ်ရှာလုပ်ရသည်။ အိမ်မရောက်တာကြာပြီဖြစ်၍ အိမ်ကိုလွမ်းတတ်လာချိန်တွင်တော့ တစ်ခါက ဆေးသမားကြီးကို သတိရမိသည်။ တစ်ချိန်က ဟာသဖြစ်ခဲ့သော ‘ပိုက်ဆံကောက်ရင် အိမ်ပြန်မယ်’ ဆိုသည့်စကားကို ကျွန်တော်တွေးပြီး မပြုံးရယ်နိုင်တော့ပါ။ ဆေးသမားနှင့်ပတ်သက်၍လည်း အမြင်တွေ တဖြေးဖြေးပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ဆေးသမား၊ ဖိုးသမားဆိုသည်မှာ ကျွန်တော်တို့လို လူထဲက လူတွေပင်ဖြစ်ကြသည် မဟုတ်ပါလား…။ ဆေးရင့်ထချိန်တွင်သာ လူစိတ်ပျောက်ကာ လုပ်ချင်ရာလုပ်ပေလိမ့်မည်။ သာမန်အချိန်များမှာတော့ သာမန်လူလိုပဲ ခံစားတတ်လိမ့်မည်ဟူ၍ ကျွန်တော်ယုံကြည်လာသည်။

သူတို့တွေအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဘဝမျိုးကို ရောက်ခဲ့ပါလိမ့်မည်၊ အပေါင်းအသင်းကြောင့် ဖြစ်ကောင်းဖြစ်မည်၊ စူးစမ်းချင်သည့်စိတ်ကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ဘယ်လိုပင်မှားခဲ့သည်ဖြစ်စေ ထိုသို့သော ဆိုးရွားလှသည့် ဘဝမျိုးကိုတော့ မျှော်မှန်းခဲ့လိမ့်မည် မဟုတ်ပေ။

သူတို့တွေမှာ ‘အိမ်’ဆိုတာရှိခဲ့ဖူးမည်၊ ထို’အိမ်’ လေးထဲတွင် ဆိုးတူကောင်းဖတ် ညီအစ်ကိုမောင်နှမများနှင့် တစ်မိုးအောက်မှာ နေခဲ့ဖူးမည်၊ အမေချက်ကျွေးသည့် ထမင်းပူ၊ ဟင်းပူလေးများကိုလည်း စားခဲ့ဖူးမည်။ ….

တစ်ခဏသာ အမှားကြောင့် တစ်ဘဝစာရသွားသည့် ဆုလာဘ်က ‘ဆေးထိုးအပ်တစ်ချောင်းနှင့် အထီးကျန်ဆန်သည့် ချောင်ကြိုချောင်ကြား၊ လမ်းကြိုလမ်းကြားတွေပဲဖြစ်သည်။’

အိမ်ပြန်ချင်သည့်အခါတိုင်း သူတို့တွေ ဘာလုပ်မလဲ…။ ချောင်တစ်ချောင်မှာ ဆေးမိန်း, မိန်းကာ တိမ်ပေါ်မှာ အိမ်ဆောက်နေမလား၊ …. မှန်သည်… သူတို့တွေအတွက် အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေမည့် နေရာ တစ်နေရာသာရှိသည်၊ သူတို့တွေ ကိုယ်ပိုင်၊ ကိုယ်တိုင် တိမ်ပေါ်မှာဆောက်ထားသည့် အိမ်ကလေး…။ တိမ်ပေါ်က အိမ်ကလေး….။

၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၁ရက် MMITD Forum မှာတင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ပို့စ်တစ်ပုဒ်ပါ။

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)