ကျွန်တော့်အမေ - ၁

တစ်နေ့ထမင်းစားနေတုန်းက အမေက ကျွန်တော့်ကိုပြောတယ်။

"ငါ့သား ချစ်သူကောင်မလေးရှာရင် ခြေဖနောင့်ကိုကြည့်ပြီးရွေးကွဲ့..."
"ဟမ်...၊ ခြေဖနောင့်ကိုကြည့်ရွေးရမယ်...???"
"အေးဟုတ်တယ်.... ဖြေဖနောင့်တစ်ဝိုက်က အသားပြည့်ပြည့်ဖြိုးဖြိုးနဲ့ဆိုရင် အဲ့မိန်းကလေးဟာ ဘဝမှာ ကောင်းကောင်းမွန်မွန်၊ ဇိမ်နဲ့နေရတယ်တဲ့"
"ဟုတ်လို့လား အမား(အမေ)ရာ.... "
"နင့်ရီးမား(ကျွန်တော့်အဒေါ်)ကိုကြည့်ပါလား....၊ ခြေဖနောင့်ကပြည့်ပြည့်ဖြိုးဖြိုးနဲ့ အခုဆို ဇိမ်နဲ့နေနေရတယ်"

အင်း..... အမေပြောတာလည်း ဟုတ်သလိုလိုပဲ။ ကျွန်တော့်အဒေါ်က သားသုံးယောက်ရှိတယ်၊ သုံးယောက်စလုံး ကားအုန်နာသူဋ္ဌေးတွေ။ ဒါပေမဲ့ တစ်ခုရှိတာက အဒေါ်က နှစ်လုံးထီအရမ်းထိုးတယ်။ နှစ်လုံးထီက နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖွင့်တာ၊ ပြီးတော့ တစ်ပတ်မှာ တစ်ရက်ပဲလားမသိဘူး နားတာ၊ အဒေါ်က ချဲနှစ်လုံးထိုးရင်လည်း ထိုးကွက်တွေမနည်းဘူး၊ ထိုးကြေးလည်းမနည်းဘူး၊ ပြီးတော့ ပေါက်တဲ့အခါထက် မပေါက်တဲ့ရက်တွေက ပို့များပါတယ်။ ဒါကြောင့် အကြွေးများတယ်။ နှစ်လုံးထီထိုးလွန်းလို့ သူ့သားတွေလည်း အရင်လို သုံးစရာပိုက်ဆံမပေးတော့ဘူး။

"ဒါပေမဲ့ အမားရာ... ပိန်တဲ့လူတွေဆို ဘယ့်နှယ်လုပ်မလဲ...၊ အဆီမရှိတော့ ခြေဖနောင့်လည်း ပိန်ကပ်နေမှာပေါ့"
"ဟင့်အင်း... ပိန်တဲ့လူတွေထဲမှာလည်း ခြေဖနောင့်ပြည့်တဲ့လူတွေရှိတယ်"
"အင်း..... အမေပြောတာ ဟုတ်မယ်ဗျ၊ ကျွန်တော်ဟိုနေ့က ဆိုင်သွားတော့ စျေးထဲမှာ မော်ဒယ်ဂဲလ်ကိုယ်လုံးနဲ့ ခြေဖနောင့်ခပ်ပြည့်ပြည့်ကောင်မလေးကို တွေ့လိုက်သေးတယ်ဗျ၊ ပြီးတော့ ချစ်စရာလေး.... အဟီး"
"အဲ.... ဒါပေမဲ့ ပန်းရံဆရာတစ်ယောက်ကျတော့လည်း ဖြေဖနောင့်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပဲ .... သူကျတော့ ဇိမ်နဲ့ မနေရပါလား အမား(အမေ)"

ကျွန်တော်အဲ့လိုပြောလိုက်တော့ အမေကလည်း အလျှော့မပေးပါ....
"အဲ့ဒါက ခဏပဲ ငါ့သား...၊ တစ်နေ့ကျရင် သူဇိမ်နဲ့နေရမှာ...."

ကျွန်တော်လည်း ဘောင်းဘီမတင်လိုက်ရင်း ကျွန်တော့်ခြေဖနောင့်ကိုကြည့်လိုက်မိတယ်
"ဟိုက်! ဒါဆို ကျွန်တော်တော့ ဘဝမှာ ပင်ပင်ပန်းပန်းနဲ့ နေရတော့မှာပဲ၊ ကြည့်ပါအုံး အမား... ကျွန်တော့်ခြေဖနောင့်က ပိန်ပိန်ကပ်ကပ်နဲ့...."
အမေက အတတ်နိုင်ဆုံး သူ့စကားကို ကာကွယ်သွားပါသည်။
"အို... အဲ့ဒါက ငါ့သားက ပိန်တာကိုးဟဲ့...."

မှတ်ချက်။ ။ ခြေဖနောင့်လို့ဆိုပေမဲ့ အမှန်က ခြေဖနောင့်အထက်၊ ခြေမျက်စိအနောက်ဘက်က အကြောမြောင်ကြီးကိုဆိုလိုတာပါ၊ မြန်မာလို ဘယ်လိုခေါ်မှန်းမသိတော့ အလွယ်တကူ ခြေဖနောင့်လို့သုံးလိုက်ခြင်းပါ။ ပြီးတော့ အဲ့ဒါက တရုတ်အယူအဆဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ကိုယ့်ခြေဖနောင့်ကိုကြည့်ကြပေါ့(မရှက်ပါနဲ့)

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)