စည်း
(သဘာဝအားဖြင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ စောင့်ထိန်းရမယ့် "စည်း"၊ "ဘောင်" တွေ ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အနေအထိုင် မတတ်တာကြောင့် နောက်ထပ်မလိုလားအပ်တဲ့ "စည်း"တွေ ထပ်တိုးလာရတယ်။) ကိုးတန်းကျောင်းသားဘဝတုန်းက ဆရာမတစ်ယောက်ကပြောတယ် "ငါတို့တုန်းကများ ... မိန်းကလေး၊ ယောက်ျားလေးဆိုပြီး ခွဲခြားမနေဘူး ... သူငယ်ချင်းဆိုတဲ့စိတ်ပဲရှိတယ်။ သွားအတူ၊ လာအတူ၊ ကစားလည်းအတူပဲ၊ လမ်းသွားရင်တောင် တခါတလေ ပခုံးချင်းဖတ်ပြီး သွားချင်သွားကြတာ၊ တစ်ယောက်နဲ့ တစ်ယောက် ဘာစိတ်မှ မရှိကြဘူး။ အခု နင်တို့ကျမှပဲ မိန်းကလေးနဲ့ ယောက်ျားလေး တစ်ယောက်ကို တစ်ယောက် ရှက်ရတာနဲ့၊ အမြီးကဖြင့် မပေါက်သေးဘူး ဟိုစိတ်၊ ဒီစိတ်တွေက ရှိနေရတာနဲ့ ... ပြောကို မပြောချင်ဘူး ...." တဲ့ ဆရာမပြောတာ ဟုတ်နေ၊ မှန်နေတော့လည်း မနာတတ်ကြဘူး။ တစ်ခန်းလုံး တဟီးဟီးနဲ့ ငြိမ်ခံနေကြတယ်။ ဒါပေမဲ့ ဆရာမပြောခဲ့သလို ဖြစ်သွားရတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်ရဲ့ ပယောဂလည်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း မိန်းကလေး၊ ယောက်ျားလေး အတူကစားကြတာပဲ၊ ရှက်တာမျိုးမရှိဘူး၊ တစ်ယောက်ကိုတစ်ယောက် ခင်ကြတာမှ ဖြူဖြူစင်စင်လေး ...။