ခုချိန်ဆိုရင် တန့်ယန်းမြို့ရဲ့ ကောင်းကင်ပြင်မှာ စွန်တစ်ချို့ ဝဲပျံနေပြီ ....

ခုချိန်ဆိုရင် တန့်ယန်းမြို့ရဲ့ ကောင်းကင်ပြင်မှာ စွန်တစ်ချို့ ဝဲပျံနေပြီ ....။ ကျွန်တော်ပြောတဲ့ "စွန်" ဆိုတာက လေတံခွန်ပါ။

ငယ်ငယ်က စွန်လွှတ်ခဲ့အကြောင်း ပြန်စဉ်းစားရင် ပျော်စရာကြီးဗျ။ သူများလို ရစ်လုံးမဝယ်နိုင်လို့ နို့ဆီဘူးနဲ့ စွန်လွှတ်ခဲ့တာလေ။ ကြိုးကလည်း ဟိုတစ်စ ဒီတစ်စလိုက်ကောက်ပြီး ဆက်ထားတာဆိုတော့ အရောင်ကစုံတယ်။ စွန်ကလည်း ဂျိုကျိုးနားရွက်ပဲ့လို့ ပြောရလိုက်အောင်ပါပဲ ဖာရာထေးရာတွေချည်း ...။

သူများမြို့တွေမှာတော့ စွန်အမျိုးအစား ဘယ်နှစ်မျိုးလောက် လွှတ်ကစားကြလဲ မသိဘူး။ ကျွန်တော်တို့ မြို့မှာတော့ ဆီစိမ်စက္ကူနဲ့လုပ်ထားတဲ့ စွန်ရယ်၊ ကျန်ကျောင်းအိတ်နဲ့ လုပ်ထားတဲ့ စွန်ဆိုပြီး နှစ်မျိုးပဲ လွှတ်ကြတယ်။

ဆီစိမ်စက္ကူစွန်တွေက အရောင်သုံးမျိုး၊ လေးမျိုးလား မသိဘူးရှိတယ်၊ ကျန်ကျောင်းအိတ်နဲ့လုပ်တဲ့ စွန်ကိုတော့ ကျွန်တော်တို့တွေ "ဖားကလေး" လို့ခေါ်တယ်။

ဖားကလေးစွန်တွေက ဆီစိမ်စွန်တွေထက် လွှတ်ရလွယ်တယ် ... သူက မလည်ဘူးလေ။ လေကြောမိတာနဲ့ တစ်ခါတည်း တန်းတန်းမတ်မတ် ထိုးတက်သွားတာဆိုတော့ ကလေးတွေပဲ အဓိကလွှတ်ကြတယ်။

သိပ်မလွှတ်တတ်သေးခင်မှာဆိုရင် လေဘယ်ဖက်က လာလဲဆိုတာလဲ မသိဘူး၊ ကြိုးကိုင်ပြီး ပြေးပြီ .... စွန်က တက်လာလိုက်၊ ယိမ်းထိုးပြီး ကျသွားလိုက်နဲ့ မောရကောင်းမှန်းလဲ မသိဘူး။

လွှတ်တတ်လာတဲ့အခါကျတော့ ကိုယ့်မှာ ရစ်လုံးအဟောင်းလေး တစ်လုံးပိုင်နေပြီ။ ဒါတောင် စွန်နဲ့ ကြိုးဖိုးက မတတ်နိုင်လို့ ရှာကြံရတယ်။

အဲ့ဒီတုန်းက ကျွန်တော်တို့ မိသားစုက အတော့်ကို ချို့တဲ့ခဲ့တဲ့အချိန်လေ ...။ စွန်လွှတ်ချင်လွန်းလို့ ကြိုးမရှိတဲ့အတွက် ခြံထဲက မာလကာသီးတွေခူးတယ်... ပြီးတော့ တရုတ်ကျောင်းသွားတက်တဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းတွေကို မာလကာသီးတွေရောင်းတယ်၊ ရလာတဲ့ ပိုက်ဆံနဲ့ ကျောင်းဆင်းပြန်လာရင် စွန်လွှတ်ဖို့ ကြိုးနဲ့ မှန်စာတိုက်ဖို့ ဖန်မှုန့်ရယ်၊ ကော်ရယ် ဝယ်လာတယ်။

အိမ်ရောက်တဲ့အခါ နို့ဆီဘူးခွက်ရှာပြီး ဝယ်လာတဲ့ ကော်ကို ရေနည်းနည်းနဲ့ ကြိုတယ်။ ထင်းမီးမရှိတော့ရင် ဖယောင်းတိုင်မီးနဲ့ ကြိုတယ်။ ပြီးရင် ကြိုပြီးသွားတဲ့ ကော်ခွက်ထဲ ဝယ်လာတဲ့ အပ်ချည်လုံးထည့်တယ်၊ ချည်ကြိုးထိပ်စကို အိမ်တိုင်တစ်တိုင်မှာ ချည်ထားလိုက်တယ်။ ပြီးရင် ပိတ်စတစ်ပိုင်းလောက်ရှာပြီး ဖန်မှုန့်တွေဖြူးထည့်တယ်။ ဖန်မှုန့်ဖြူးထားတဲ့ ပိတ်စနဲ့ ချည်ကြိုးကို ညစ်ဆုပ်ကိုင်ပြီး နောက်အိမ်တိုင်တစ်တိုင်ကနေပတ်ပြီး မှန်စာတိုက်ပြီ ....။ ကော်ခွက်ထဲက ကြိုးမကုန်မချင်း အဲ့ဒီအိမ်တိုင်နှစ်တိုင်ကို ပတ်ချာလည်နေရတယ်။

သူများတွေ မှန်စာတိုက်ရင် လူနှစ်ယောက်နဲ့တိုက်တာဗျ၊ တစ်ယောက်က ရစ်လုံးနဲ့ ကြိုးကိုရစ်သိမ်းတယ်၊ ကျန်တစ်ယောက်က ခပ်လှမ်းလှမ်းကနေ ကော်ခွက်ကို တစ်ဖက်လက်က ထိန်းရင်း ကျန်လက်တစ်ဖက်က ချည်ကြိုးကို ဖန်မှုန့်ဖြူးထားတဲ့ ပိတ်စနဲ့ ညစ်ဆုပ်ထားရတယ်။ ဒါမှ ကော်ခွက်ထဲကနေ ထွက်လာတဲ့ချည်ကြိုးဟာ ကော်ရည်စွဲနေတာကြောင့် ဖန်မှုန့်ဖြူးထားတဲ့ ပိတ်စကို ဖြတ်သန်းတဲ့အခါ ကြိုးမှာ ဖန်မှုန့်လေးတွေ ကပ်သွားမှာပေါ့။

မှန်စာတိုက်ပြီးလို့ စွန်ကြိုးက ကော်ရည်ခြောက်သွားပြီဆိုရင် ဖင်တကြွကြွနဲ့ ကောင်းကင်ပေါ်မော့ကြည့်ပြီ ...။ ဘယ်ကောင်နဲ့ အရင်ဖြတ်ရင်ကောင်းမလဲပေါ့။ ပြီးရင် စွန်လွှတ်ပြီး တခြားကောင်တွေနဲ့ ဖြတ်ပြီ ...။ ကိုယ့်ကြိုးမကောင်းတဲ့အခါ၊ ဒါမှမဟုတ် လေတိုက်နှုန်းကိုလိုက်ပြီး အလိုက်သင့်မဖြတ်နိုင်ရင် ကိုယ့်စွန်ပြတ်တာပဲ။ ကိုယ်ကဖြတ်လို့ နိုင်သွားတဲ့အခါ တဟေးဟေးနဲ့ ... ပျော်လို့။

မှန်စာတိုက်ထားတဲ့ ကြိုးကလည်း အမြဲတမ်းမကောင်းဘူးဗျ။ ဆိုလိုတာက ကော်ရည်ပျစ်လွန်းလို့ဖြစ်စေ၊ ကော်ရည်ကျဲလွန်းလို့ဖြစ်စေ၊ ဖန်မှုန့်များသွားလို့ဖြစ်စေ၊ ဖန်မှုန့်နည်းသွားလို့ဖြစ်စေ ... ကြိုးကောင်း မရနိုင်ဘူး။ ကော်ရည်ပျစ်လွန်းသွားရင် ခြောက်သွားတဲ့အခါ ကြိုးက တောင့်သွားတယ် ခေါက်လွယ်တယ်၊ ဒီတော့ ပျော့ပြောင်းမှုမရှိတော့တဲ့အတွက် ကြိုးချင်းငြိတဲ့အခါ တစ်နေရာတည်းကိုပဲ တခြားကြိုးရဲ့ ပွတ်တိုက်စားမှုကိုခံရပြီး ပြတ်တာပဲ။ ကော်ရည်ကျဲလွန်းရင်လဲ ဖန်မှုန့်သိပ်မကပ်တော့တဲ့အတွက် ပွန်းလွယ်ပြီး ပြတ်တာပဲ။

 ဒီလိုပဲ ... တချို့ဆရာကြီးတွေကလေတိုက်နှုန်းပြင်းရင် ပြင်းသလို၊ လေတိုက်နှုန်း နည်းရင်နည်းသလို အလိုက်သင့်လွှတ်ပြီး ဖြတ်ကျတယ်။ ဒီအခါမှာ လေအကြောင်းနားမလည်တဲ့ကောင်က ခံရတာပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း လေအကြောင်းနားမလည်တဲ့အတွက် မရှင်းပြတော့ဘူး။

တခါတလေ လွှတ်စရာစွန်မရှိတဲ့အခါ မဝယ်နိုင်လို့ ကိုယ့်ဘာသာ စွန်လုပ်ယူရတယ်။ စွန်တစ်ခုလုပ်ဖို့ သိပ်မခက်ပါဘူး ... သတင်းစာ စာရွက်တစ်ရွက်ကို ကိုယ်လိုချင်တဲ့ အတိုင်းအတာရအောင် ညပ်တယ်၊ စွန်ကိုင်းအတွက် ဝါးကနေ သေးသေးရှည်ရှည် ဝါးချောင်းနှစ်ချောင်းရအောင် ချောယူတယ်။ ပြီးရင် ကော်အနေနဲ့သုံးဖို့ ထမင်းအိုးထဲကနေ (အမေမသိအောင်) ထမင်းနည်းနည်းနှိုက်တယ်။ ပြီးရင် ညပ်ယူထားတဲ့ သတင်းစာရွက်ရဲ့ ဆန့်ကျင်ဘက်ထောင့်တစ်ဖက်ဆီကို ဝါးကိုင်းတပ်ရတယ်... ဘာနဲ့တူလဲဆိုတော့ ဖွင့်ထားတဲ့ ထီးပုံစံမျိုးတပ်ရတာ။

ကိုင်းတပ်တာ မညီရင် စွန်က တစ်ဖက်စောင်းနင်းဖြစ်ပြီး လွှတ်တဲ့အခါ ထိန်းရခက်တယ်။ ပြီးတော့ သတင်းစာရွက်နဲ့လုပ်တဲ့စွန်က ဆီစိမ်စွန်ထက်လေးတယ်ဗျ။ လေအရမ်းပြင်းတဲ့အခါ သတင်းစာရွက်နဲ့လုပ်တဲ့စွန်က လေးတဲ့အတွက် ရိုးရိုးစွန်ထက်စာရင် ထိန်းရနည်းနည်းခက်တယ်။ ပြီးတော့ သတင်းစာရွက်က ပြဲလွယ်တဲ့အတွက် တခါတလေ လေအရမ်းပြင်းတဲ့အခါ လွှတ်နေရင်းတန်းလန်းနဲ့ မိုးပေါ်မှာပဲ စုတ်ပြဲချင် ပြဲသွားတာ။ မိုးပေါ်မှာ မစုတ်ပြဲရင်လည်း ဆက်ထုံးများတဲ့ ကြိုးကြောင့် လေပြင်းတဲ့အခါ အရှင်လတ်လတ်ကြီး ကြိုးပြတ်ချင်လည်း ပြတ်သွားတာပဲ။

ကျွန်တော့်ဘာသာလုပ်တဲ့စွန်က အရွယ်အစားက အမျိုးမျိုးရယ်....။ ပုံမှန်စွန်အရွယ်စားမျိုးလုပ်တတ်သလို အရွယ်အစားသေးတဲ့ စွန်တွေကိုလည်း လုပ်တတ်တယ်။ အရွယ်အစားသေးရင် သေးသလို လွှတ်ရခက်တယ်၊ ထိန်းရခက်တယ်။

အဲ့ဒီတုန်းက စွန်လွှတ်ကြတာ အခုခေတ်လို ကျိုးတိုးကျဲတဲမဟုတ်ဘူး။ လွှတ်တဲ့လူအရမ်းများတယ်။ စွန်ဖြတ်လို့ ပြတ်ကျလာပြီဟေ့ဆိုရင် ပြေးလုရတာလည်း အမော...။ ဆူးကိုင်းကြီးကိုင်သူက ကိုင်၊ ဝါးကိုင်းကြီး ကိုင်သူက ကိုင်နဲ့ ပြေးလိုက်ကြတာများ ... ပျော်စရာ။ တချို့က နှပ်ချေးတွဲလောင်းနဲ့ တချို့ကျ ဘောင်းဘီခွပြဲနဲ့ ...။

ပြတ်ကျလာတဲ့စွန်က မြေပေါ်မကျသေးပေမဲ့ အောက်က ကျွန်တော်တို့ ကလေးတစ်သိုက်ကတော့ အငြိမ်မနေနိုင်...။ စွန်က ကျတဲ့အခါ ဟိုယိမ်းဒီယိမ်းနဲ့ ယိမ်းထိုးပြီးမှ ကျတာဆိုတော့ လေဝေ့လို့ ဟိုဖက်ယိမ်းသွားရင် ဟိုဘက်ပြေးလိုက် လိုက် ....၊ ဒီဘက်ယိမ်းလာရင် ဒီဘက်ပြေးလာလိုက်နဲ့ အတော်ရယ်စရာကောင်းတယ်။

တခါတလေ ... ပြတ်လာတဲ့စွန်က ကြိုးတန်းလန်းအရှည်ကြီးပါလာတဲ့အခါ မျက်စိလျှင်တဲ့ကောင်က ကြိုးကို အရင်ပြေးဆွဲတယ်၊ ပြီးရင် "ငါရပြီကွ ... ဒီမှာ ကြိုးဆွဲထားပြီ" ဆိုပြီး ဆောင့်ကြွားကြွားပြောတတ်တယ်၊ ဒါပေမဲ့ ဂရုမစိုက်ပါဘူး...။ ပါလာတဲ့ ဆူးကိုင်း တုတ်ကိုင်းတွေနဲ့ ဝိုင်းဖမ်းလိုက်ကြတာ ရလည်း ရရော ... စွန်က ရွဲပြဲနေပြီ ... ဟီးဟီး။

ဒီလို စွန်ကို အရူးအမူးလွှတ်ကြတဲ့ မြို့တစ်မြို့ကိုရောက်ဖူးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်တုန်းကထင်တယ် ... ကျွန်တော် ဟင်္သာတမြို့ကိုရောက်တော့ ပြည်လုံးကပ်ကျော်ဘုရား(အတိအကျမမှတ်မိပါ)ဆိုလား အဲ့ဒီဘုရားနားမှာ စွန်လွှတ်တဲ့လူတွေ အများကြီးတွေ့ခဲ့ရတယ်။ စွန်လွှတ်တာကို တကူးတက လာကြည့်တဲ့လူတွေနဲ့ အဲ့ဒီညနေက အတော့်ကို လူစည်ကားပါပေတယ်။

နောက်ပြီး "တတိယမျက်လုံး"ဆိုတဲ့ တိဗက်ပြည်အကြောင်းစာအုပ်ဖတ်ရတော့လည်း စွန်လွှတ်တဲ့အကြောင်းပါတာပဲ။ သူတို့တွေကမှ တကယ်ဇော်တွေ ... စွန်လွှတ်ရုံတင်မတင်ဘူး ... လူပါလိုက်စီးတာကိုး၊ အန္တရာယ်များလိုက်ဘိခြင်း...။ ဖတ်ပြီးတော့ ကိုယ့်မှာ မျက်လုံးပြူးရတယ်။

အခုတော့ ကျွန်တော်တို့တန့်ယန်းမြို့ရဲ့ ကောင်းကင်ယံမှာ စွန်တွေ ဝဲပျံနေကြပြီလေ။ တိဗက်ပြည်မှာလို စွန်ကြီးပေါ်မှာ လူခိုပြီး မစီးကြပါဘူး။ ကျွန်တော့်တုန်းကလို ဆက်ထုံးတွေအများကြီးနဲ့ အရောင်စုံတဲ့ ကြိုးတွေကိုလဲ မတွေ့ရတော့ပါဘူး။ နို့ဆီဘူးနဲ့ စွန်လွှတ်တဲ့ ခေတ်လည်းမရှိတော့ပါဘူး။ ကျွန်တော့်လို စွန်မဝယ်နိုင်လို့ ကိုယ်တိုင်စွန်လုပ်ပြီး လွှတ်ကြတဲ့ သတင်းစာစွန်တွေကိုလည်း မတွေ့ရပါဘူး။ ခုခေတ်ကလေးတွေကတော့ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ခေတ်ကို ဖြတ်သန်းနေကြပြီလေ.... ။ ။

ငထွန်း (Clicker)

 စာကြွင်း ...။ ။ ဘဝက မပြည့်စုံတဲ့အခါ အရာရာကို ကိုယ်တိုင်လုပ်ယူဖန်တီးဖို့ အသိတရားရလာတယ်။

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)