စည်း

(သဘာဝအားဖြင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ စောင့်ထိန်းရမယ့် "စည်း"၊ "ဘောင်" တွေ ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အနေအထိုင် မတတ်တာကြောင့် နောက်ထပ်မလိုလားအပ်တဲ့ "စည်း"တွေ ထပ်တိုးလာရတယ်။)

ကိုးတန်းကျောင်းသားဘဝတုန်းက ဆရာမတစ်ယောက်ကပြောတယ်
"ငါတို့တုန်းကများ ... မိန်းကလေး၊ ယောက်ျားလေးဆိုပြီး ခွဲခြားမနေဘူး ... သူငယ်ချင်းဆိုတဲ့စိတ်ပဲရှိတယ်။ သွားအတူ၊ လာအတူ၊ ကစားလည်းအတူပဲ၊ လမ်းသွားရင်တောင် တခါတလေ ပခုံးချင်းဖတ်ပြီး သွားချင်သွားကြတာ၊ တစ်ယောက်နဲ့ တစ်ယောက် ဘာစိတ်မှ မရှိကြဘူး။ အခု နင်တို့ကျမှပဲ မိန်းကလေးနဲ့ ယောက်ျားလေး တစ်ယောက်ကို တစ်ယောက် ရှက်ရတာနဲ့၊ အမြီးကဖြင့် မပေါက်သေးဘူး ဟိုစိတ်၊ ဒီစိတ်တွေက ရှိနေရတာနဲ့ ... ပြောကို မပြောချင်ဘူး ...." တဲ့
ဆရာမပြောတာ ဟုတ်နေ၊ မှန်နေတော့လည်း မနာတတ်ကြဘူး။ တစ်ခန်းလုံး တဟီးဟီးနဲ့ ငြိမ်ခံနေကြတယ်။

ဒါပေမဲ့ ဆရာမပြောခဲ့သလို ဖြစ်သွားရတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်ရဲ့ ပယောဂလည်းပါတယ်။

ကျွန်တော်တို့ ငယ်ငယ်ကလည်း မိန်းကလေး၊ ယောက်ျားလေး အတူကစားကြတာပဲ၊ ရှက်တာမျိုးမရှိဘူး၊ တစ်ယောက်ကိုတစ်ယောက် ခင်ကြတာမှ ဖြူဖြူစင်စင်လေး ...။

အဲ့ဒီမှာ ကျွန်တော်တို့ရဲ့စိတ်ကို အရောင်ဆိုးလိုက်ကြတာက ကျွန်တော်တို့ရဲ့ စီနီယာအစ်ကိုတွေ၊ အစ်မတွေနဲ့ ပတ်ဝန်းကျင်က လူတွေပဲ။ သူတို့တွေက ကျွန်တော်တို့တွေကို စ နောက်တတ်ကြတယ်လေ ...
"ဟျောင့် ... မင်းက ဟိုတစ်ယောက်နဲ့ ချစ်နေတာ မှတ်လား ...၊ မင်းသူ့ကို မုန့်သွားသွားကျွေးနေတာ ငါတို့တွေ့တယ်နော် ...." တို့
မိန်းကလေးနဲ့ ယောက်ျားလေးအတူတွဲပြီး လမ်းလျှောက်သွားပြန်ရင်လည်း ဘေးကနေ အမျိုးမျိုးပြောင်ကြပြီး ပါးစပ်ကလည်း သံသေးသံကြောင်နဲ့
စသည်ဖြင့် အဲ့လိုတွေလုပ်ကြတော့ ကျွန်တော်တို့မှာ မခံနိုင်ဘူး၊ ဟုတ်မှ မဟုတ်ပဲဗျ။

သူငယ်ချင်းချင်း ... ခင်လို့ မုန့်ကျွေးတယ်၊ အတူသွားတယ် ... ဘာစိတ်မှ မရှိဘူး။ သူတို့တွေက ဘေးကနေအဲ့လိုလုပ်ကြတော့ ကျွန်တော်တို့မှာလည်း ကိုယ်နဲ့ အစခံရတဲ့ မိန်းကလေးတွေနဲ့ မခေါ်ရဲ၊ မပြောရဲ၊ လမ်းမှာတွေ့ရင် နှုတ်မဆက်ရဲတာမျိုးတွေဖြစ်လာရော။

နောက်ပိုင်းကျတော့ ယောက်ျားလေးတွေလည်း မိန်းကလေးတွေနဲ့ ရောရောနှောနှော မနေရဲကြတော့သလို မိန်းကလေးတွေလည်း ထိုနည်းတူပဲ ကိုယ့်ဘာသာ ခပ်တန်းတန်းနေကြတော့တယ်။
အဲ့ဒါက မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေရဲ့ ကြားမှာ စည်းတစ်ကြောင်းခြားသွားရခြင်းရဲ့ အကြောင်းရင်းပဲဖြစ်တယ်။ ဒါကိုပဲ ဆရာမကကြည့်မရဖြစ်ပြီး အပေါ်မှာရေးခဲ့သလိုပြောတာပဲ။ ရှိစေတော့ ....။

အခုခေတ်ကျတော့ နောက်ထပ်စည်းတစ်ကြောင်း ထပ်တိုးလာတယ်။
ဟိုလွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်လောက်တုန်းကထင်တယ် ... ယောက်ျားချင်းတရားဝင်မင်္ဂလာဆောင်တဲ့ သတင်းက အတော်လေးကို ဟိုးလေးတစ်ကျော်ဖြစ်သွားတာကို မှတ်မိကြမယ်ထင်တယ်။

ဖွဘုတ်ပေါ်မှာလည်း အဲ့ဒါနဲ့ပတ်သက်ပြီး ရှုံ့ချတဲ့လူနဲ့၊ ထောက်ခံတဲ့လူနဲ့ ... ဗွက်လောရိုက်သွားတာပဲ။ ကာတွန်းဆရာတွေကလည်း လက်စွမ်းပြလိုက်ကြတာ ဖတ်ပြီးရယ်နေရတယ်၊ မှတ်မိနေတဲ့ ကာတွန်းတစ်ကွက်က ဘုန်းကြီးတစ်ပါးက သတို့သားနှစ်ယောက်ကို ဆုပေးနေတဲ့ပုံဆွဲထားတာ၊ စာထိုးထားတာက "ဒီလင်နဲ့ ဒီလင် အိုအောင်မင်းအောင် ပေါင်းရပါစေကွယ် ..."တဲ့။

အဲ့တုန်းက ကျွန်တော်ရန်ကုန်မှာ သင်တန်းတက်နေတဲ့အချိန်ဆိုတော့ အဲ့ဒီသတင်းကို ဂျာနယ်တွေထဲမှာ ဖတ်လိုက်ရတယ်။ စိတ်ထဲမှာလည်း ဘယ့်နှယ်ကြီးလည်းဟ ... ကျားကျားချင်းကြိုက်ပြီး ယူရတယ်လို့၊ ဘယ်လိုပုံစံနဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးယူမလဲ မသိဘူး... ဆိုပြီး ပေါက်ပေါက်ရှာရှာတွေ လျှောက်တွေးမိတယ်။
အဲ့ဒီရဲ့ ဂယက်က မသေးဘူး။ ကျွန်တော်တို့ ယောက်ျားလေးတွေကြားထဲမှာ စည်းတစ်ကြောင်းပေါ်လာစေတယ်လို့ ပြောလို့ရလောက်တယ်။

သိကြတဲ့အတိုင်း ကျွန်တော်တို့ ယောက်ျားလေးတွေက အင်မတန်ခင်ပြီဟေ့ဆိုရင် တစ်ယောက်အဝတ်အစား တစ်ယောက်ယူဝတ်တယ်။ တစ်ခုတင်တည်း အိပ်တဲ့အခါ အိပ်တယ်၊ လမ်းသွားရင် ပခုံးဖတ်ပြီးသွားတယ်။ ခုဏကလို သတင်းလည်း ထွက်လာရော အရင်လို သူငယ်ချင်းချင်း မနေရဲတော့ဘူး။ တော်ကြာ ကျားကျားချင်းကြိုက်တယ်ဆိုပြီး အပြောခံရမှာ ကြောက်တယ်လေ။

ရန်ကုန်မှာ သင်တန်းတက်နေရင်း တစ်နေ့တော့ တောင်တွင်းကြီးကနေ သင်တန်းလာတက်တဲ့ ကိုရဲအောင်က အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်သွားရှာကြည့်ရအောင်အဖော်ခေါ်တော့ သူနဲ့ကျွန်တော် နှစ်ယောက်သား အင်းယားကန်ဘက်ရောက်သွားတယ်။

ကျွန်တော်တို့ ကြားဖူးတာက မစ္စတာ ဂျွန်ရက်တောက အင်းယားကန်ကနေ ရေကူးပြီး အမေစုအိမ်ထဲ ဝင်တယ်ဆိုတော့ အဲ့နားတစ်ဝိုက်မှာပဲ ရှိလောက်တယ်ဆိုပြီး သွားရှာကြတာပဲ။

ရန်ကုန်တက္ကသိုလ်ကနေ ဆက်လျှောက်လာရင် အင်းယားကန်မရောက်ခင် ညာဘက်မှာ လမ်းတစ်လမ်းရှိတယ်လေ၊ လမ်းနာမည်တော့မသိဘူး။ နှစ်ယောက်သား အဲ့လမ်းတစ်လျှောက်မှာရှိတဲ့ လမ်းကြိုလမ်းကြားတွေထဲ လျှောက်ကြည့်ရင်း အမေစုအိမ်ကို တွေ့လိုတွေ့ငြား ရှာကြည့်တယ်။ ရှာတာ ရှာရတယ် အမေစုအိမ်ကို မမြင်ဖူးတော့ တွေ့ရင်တောင်မှ အမေစုအိမ်မှန်း သိကြမှာမဟုတ်ဘူး။

ဒီလိုနဲ့ တစ်လမ်းဝင်၊ တစ်လမ်းထွက်နဲ့ ရှာရင်း တစ်နေရာအရောက်တော့ ခြံပေါက်မှာ ယူနီဖောင်းဝတ်နဲ့ လူတစ်ယောက် ဂိတ်စောင့်နေတာ တွေ့ရတော့ "ဟာ ... အဲ့အိမ်ကြီးလားမသိဘူး၊ အစောင့်အကြပ်ရှိတယ်ကွ၊ တော်ကြာ မသင်္ကာလို့ လာဆွဲကုပ်နေအုံးမယ်" ဆိုပြီး နှစ်ယောက်သား တစ်ချိုးတည်း ပြန်လစ်လာရတယ်၊ သတ္တိခဲကြီးတွေလေ။

ဒီလိုနဲ့ မထူးပါဘူးကွာဆိုပြီး အင်းယားကန်ဘက်ပြန်ရောက်လာတယ်။
ပန်းခြံလေးတစ်ခုတွေ့တာနဲ့ နှစ်ယောက်သားဝင်သွားလိုက်တယ်။ ရန်ကုန်ရောက်ဖူးစဆိုတော့ စူးစမ်းချင်စိတ်နဲ့ ဝင်ကြည့်တာပါ။ ဝင်ကြေးပေးရမှန်းမသိဘူးလို့ နောက်ကနေ ... "ဟေ့လူ ... ဝင်ကြေးပေးအုံးလေ ..." လို့ လှမ်းအော်တော့မှ ဝင်ကြေးပေးရမှန်းသိတော့တယ်။

အဲ့ဒီမှာ စုံတွဲလေးတွေပဲဗျ ... ဝင်လိုက်တာနဲ့ ငါတော့မှားပြီလို့ တွေးလိုက်မိပြီ။ ဟုတ်တယ်လေ ...
ကျွန်တော်တို့နှစ်ယောက်ကိုလည်း ကြည့်အုံး ... မျက်မှန်ကိုယ်စီနဲ့၊ လွယ်အိတ်အနက်ကြီး တစ်ယောက်တစ်လုံးလွယ်လို့၊ နှစ်ယောက်သား ဂိုက်ဆိုဒ်ကလဲခပ်ဆင်ဆင်ဆိုတော့ မသိရင်ဘဲ ဗယ်လင်တိုင်းနေ့မှာ ချစ်သူစုံတွဲတွေ ဆင်တူဝတ်သလိုဖြစ်နေတယ်။ ပြီးတော့ ယောက်ျားချင်းကြီး .... စုံတွဲတွေ ချိန်းတွေ့တဲ့ ပန်းခြံကြီးထဲ ဝင်လာတယ်။ ကန်စပ်နားက အပင်ကြီးဘေးမှာ ထိုင်ပြီး ကျွတ်စီညံနေတဲ့ ကောင်မလေးတွေ ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီး အသံတိတ်သွားတယ်။

တောင်တွင်းကြီးသားကလည်း ကျွန်တော့်လို သတိထားလိုက်မိပုံရတယ်။ ပန်းခြံထဲရောက်တာနဲ့ နှစ်ယောက်သား ခပ်တန်းတန်း၊ ခပ်ခွာခွာဖြစ်သွားတယ်။ စကားလည်း သိပ်မပြောဖြစ်တော့ဘူး။ နှစ်ယောက်သား ယောင်လည်လည်နဲ့ ကန်စပ်နားရောက်သွားတယ်။ တောင်တွင်းကြီးသားက ခုံပေါ်ထိုင်တော့ ကျွန်တော်လည်း လိုက်ထိုင်မိတော့မလို့ ... ဟာ မဖြစ်သေးပါဘူးလို့တွေးပြီး ကန်စပ်နားသွားထိုင်ပြီး ရေထဲက ငါးပိစိကွေးလေတွေကို အလကားနေရင်း ခဲလုံးတွေနဲ့ သွားပေါက်နေမိတယ်။

တောင်တွင်းကြီးသားကလည်း အူကြောင်ကြောင်နဲ့ပါပဲ .... သူလည်း အနေရခက်တယ်နဲ့တူတယ်။ နောက်တော့ ကြံရာမရဖြစ်ပြီး လွယ်အိတ်ထဲကနေ သူ့လက်တော့ပ်လေးထုတ်ပြီး တောင်နှိပ် မြောက်နှိပ်လုပ်နေတော့တယ်။

နှစ်ယောက်သားဖြစ်ပျက်နေပုံက ရယ်လဲ ရယ်ရတယ်၊ အတော့်ကို ခွတီးခွကျလဲနိုင်တာပါပဲဗျာ ....။ ဘေးကလူတွေ ဘယ်လိုထင်ကြမလဲဆိုတာ မသိပေမဲ့ ကျွန်တော်တို့ဖာသာ ကျွန်တော်တို့ မလုံမလဲဖြစ်နေရတာလေ၊ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာလည်း ငါတို့ကို ဘဲဘဲချင်းကြိုက်တယ်လို့များ ထင်နေကြမလား မသိဘူးလို့တွေးပြီး ရှိန်နေကြတာ။ အဲလိုထင်စရာကောင်းလောက်အောင်လဲ ခေတ်အခြေနေက ကမောက်ကမဖြစ်နေပြီကိုး ...၊၊

အဲ့ဒါပဲဗျ .... ခုခေတ်မှာ နောက်ထပ်စည်းတစ်ကြောင်းထပ်တိုးလာတယ်ဆိုတာ။
ဟိုအရင်ကဆိုရင် ယောက်ျားနှစ်ယောက် ပန်းခြံထဲသွားရင် မျက်စိအစာကျွေးဖို့ နဲ့ စုံတွဲတွေလိုက်ချောင်းဖို့နေမှာဆိုတာအထိပဲ လူတွေ တွေးထင်ခဲ့ကြပေမဲ့ ခုခေတ်မှာတော့ ဘာကြီးလား ညာကြီးလား ဆိုတာအထိပါ တွေးထင်လာတတ်ကြပြီ။

သဘာဝအလျောက် ကျနော်တို့ လူ့အဖွဲ့အစည်းမှာကိုက သူစည်းနဲ့သူရှိပြီးသား။ အဲ့ဒီ "စည်း"ကလဲ သူ့အတိုင်းအတာနဲ့ သူရှိပြီးသား။ မိန်းကလေးနဲ့ ယောက်ျားလေး သူငယ်ချင်းတွေမို့ အတူသွား အတူလာတယ် ... ဒါကိုပဲ ဘေးကနေ စကြ၊ နောက်ကြ၊ ပေးစားကြတဲ့အခါ ခင်မင်မှုစည်းပျက်ပြီး မလိုလားအပ်တဲ့ သူစိမ်းဆန်ဆန်စည်းတစ်ကြောင်းခြားသွားရတယ်။

နောက်ပြီး ကျနော်တို့ ယောက်ျားလေးတွေက မွေးရာပါဗီဇကိုက `ကျား' ဆိုတဲ့မာန်မာနရှိပြီးသား။ "ဟရောင် ... မင်းယောက်ျားမဟုတ်ဘူးလား၊ ဂန်ဒူးလား" လို့ အပြောခံရရင် ဆတ်ဆတ်ခါအောင် နာတတ်ကျတဲ့ကောင်တွေ။ ကျားကျားချင်းတော့ ဘယ်သူမှ မနုချင်၊ မညုချင်ဘူး။
အခုတော့ ... အခုတော့ ...။ 😝😝😜😂
xxxxx
အရင်ကဆိုရင် ယောက်ျားလေးတစ်ယောက် မိန်းကလေးတွေနဲ့ ရောလွန်းရင် အဲ့ဒီကောင်ကို 'ဂန်ဒူး' မဟုတ်ရင် `နှာဘူး' လို့ပြောခဲ့ကြပေမဲ့ အခုခေတ်မှာတော့ ပြောင်းပြန်ဖြစ်သွားပြီလေ။

ငထွန်း (Clicker)

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)