ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ ... ။
တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားကျောင်းသားတစ်ဦးဟာ နွားကျောင်းနေသတဲ့။ တစ်နေ့တော့ နွားကျောင်းနေရင်းနဲ့ တစ်နေရာအရောက်မှာ ဇော်ဂျီတစ်ပါးဟာ ကျောက်ပြင်ကြီးပေါ်မှာ ဆေးကြိတ်နေတာနဲ့ သွားတိုးသတဲ့။ လူသားတစ်ယောက်ရောက်လာတယ်ဆိုပြီး အဲ့ဒီဇော်ဂျီကလည်း ကြိတ်လက်စ ဆေးကို ဒီအတိုင်းထားခဲ့ပြီး ထပျံသွားသတဲ့။

ဒီတော့ နွားကျောင်းသားလေးက ဝမ်းသာအားရနဲ့ "ငါတော့ ဇော်ဂျီရဲ့ ဆေးအစွမ်းနဲ့ အာဂလူဖြစ်ရချေရဲ့" လို့ အောက်မေ့ပြီး ဇော်ဂျီကြိတ်ထားခဲ့တဲ့ ကျောက်ပြင်ပေါ်က ဆေးကို ယူစားသတဲ့ ... အရသာကတော့ ဖန်တွတွနဲ့ပေါ့။ အဲ့လို ဆေးစားပြီး သိပ်မကြာပါဘူး ဆေးစွမ်းပြလာသတဲ့ ... တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပါးလာပြီး နွားကျောင်းသားလေးဟာ လေထဲကို တဖြည်းဖြည်း မြောက်တက်လာတယ်တဲ့။ နွားကျောင်းသားလေးကတော့ "ငါတော့ မိုးပျံနိုင်ပြီထင်ရဲ့" လို့တွေးပြီး အင်မတန် ဝမ်းသာနေသတဲ့။


ဒါပေမဲ့ လေထဲမြောက်တက်လာတဲ့ နွားကျောင်းသားလေးဟာ ထင်ထားသလို မိုးပေါ်လည်း စိတ်ထင်တိုင်း မပျံနိုင်၊ မြေပေါ်လည်း မဆင်းနိုင်ရှာတော့ပဲ လေထဲမှာ ကန့်လန့်ကြီး ကိုးရိုးကားယားဖြစ်နေသတဲ့။ ဘာကြောင့်လဲဆိုတော့ ဇော်ဂျီက ဆေးကြိတ်တာ ပြီးမှ မပြီးသေးတာကိုး...၊ ဒီအတိုင်း တန်းလန်းကြီးထားခဲ့ပြီး ထပျံသွားတာဆိုတော့လေ။ ဒါကြောင့် ဆေးက ပြီးပြည့်စုံမှုမရှိတော့ အဲ့ဒီဆေးကို စားမိလိုက်တဲ့ နွားကျောင်းသားလေးခမျာ.... မိုးပေါ်လည်း မပျံနိုင်၊ မြေပေါ်လည်း မဆင်းနိုင်ဘဲ ကိုးလို့ကန့်လန့်ဖြစ်နေတာပေါ့။

အဲ့ဒီ နွားကျောင်းသားလေးရဲ့ အဖြစ်ကို သိသွားကြတဲ့ ရွာသူရွာသားတွေက ဇော်ဂျီလို မိုးပေါ်လည်း မပျံနိုင်၊ မြေပြင်ပေါ်လည်း မဆင်းနိုင်ရှာတဲ့ အဲ့ဒီခွတီးခွကျ နွားကျောင်းသားလေးကို "ဇော်ကန့်လန့်" လို့ နာမည်ပေးလိုက်ကြသတဲ့ဗျာ။

ထိုနည်းတူစွာပဲ ဘယ်အရာကိုမဆို လုပ်ပြီဟေ့ဆိုတာနဲ့ ပြီးပြည့်စုံအောင်၊ တစ်ဖက်ကမ်းခတ်အောင်၊ ထွန်းပေါက်အောင် လုပ်ဖို့အတွက် ဒီပုံပြင်လေးက ဖော်ပြနေပါတယ်။ ကိုယ်မလုပ်နိုင်ရင် ကိုယ့်ထက်ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့လူကို လမ်းဖယ်ပေးလိုက်ပါ။ ကိုယ်ကောင်းအောင်မလုပ်နိုင်ရင် ကိုယ့်ထက်ကောင်းအောင် လုပ်နိုင်တဲ့ လူတွေကို နေရာပေးလိုက်ပါ။ မပြီးမပြတ်၊ မပြည့်စုံပဲ ဒီအတိုင်းကြီး ပစ်ထားခဲ့ရင် နောက်လူတွေကလည်း ကိုးရိုးကားယား၊ ကိုးလို့ကန့်လန့်တွေ ဖြစ်ကုန်နိုင်တာမို့ပါ။

ဒါကြောင့် ဇော်ဂျီလုပ်မယ်ဆိုရင်လည်း စိတ်ရှိတိုင်း မြေလျှိုးမိုးပျံနိုင်တဲ့ အစွမ်းအစရှိအောင် လုပ်ပါ... ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဆိုတဲ့ စကားလိုပေါ့။ ဒါမှမဟုတ်ဘဲ ပစ်စလက်ခတ် ဒီအတိုင်းထားခဲ့ရင်တော့ဖြင့် မိုးပေါ်လည်း စိတ်ထင်းတိုင်းမပျံနိုင်၊ မြေပေါ်လည်း မဆင်းနိုင်ရှာတဲ့၊ လေထဲမှာပဲ ပေါလောပေါ်နေတဲ့၊ အတော်လေးကို ခွတီးခွကျနိုင်တဲ့ ဇော်ကန့်လန့်တွေသာ ပိုပိုများလာပါလိမ့်မယ်။ အဲ့ဒီအတွက် အချိန်ပြုန်းတီးပါတယ်၊ နိုင်ငံနစ်နာပါတယ်။

Comments

Popular posts from this blog

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)