"ဗျာ... ကျွန့်တော့်အမေ...??"

တစ်ရက်မှာတော့ လူတစ်ယောက်ဟာ စျေးဆိုင်ကြီးတစ်ခုမှာ လိုအပ်တာလေးတွေ လာဝယ်သတဲ့။

တွန်းလှည်းလေးတွန်းရင် လိုအပ်တဲ့ပစ္စည်းတွေကိုလိုက်ရှာရင်းနဲ့  သူ့နောက်ကို မယောင်မလည်နဲ့ လိုက်ကြည့်နေတဲ့ အန်တီကြီးတစ်ယောက်ကို သတိထားလိုက်မိတယ်။ လူချင်းတူလို့ မှားကြည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလို့တွေးပြီး သူလိုချင်တဲ့ပစ္စည်းလေးတွေကိုပဲ ရွေးယူနေမိတယ်။


ဒါပေမဲ့ အဲ့အန်တီကြီးကတော့ သူ့ကိုခပ်လှမ်းလှမ်းကနေ ကြည့်နေပြန်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်....၊ သူ့ကိုကြည့်နေပုံက မရိုးမသားစိတ်ပါဟန်တော့မတူ၊ မိခင်က သားကိုကြည့်သည့်အကြည့်မျိုး၊ သို့သော် ဝမ်းနည်းကြေကွဲနေဟန်တူသည်၊ ခင်မင်ရင်းနှီးနေဟန်လည်း ပါသည်.... တစ်ခုခုတော့ တစ်ခုခုပဲ...။

သူ့အတွေးနဲ့သူ ပစ္စည်းရှာနေခိုက် ထိုအန်တီကြီးက သူ့ရှေ့ရောက်လာသည်၊ ပစ္စည်းတွေတော်တော်များများကိုလည်း အန်တီကြီး၏ တွန်းလှည်းထဲမှာတွေ့ရသည်။

"စိတ်မရှိပါနဲ့နော် ငါ့တူ....၊ ငါ့တူက ကွယ်လွန်သွားတဲ့ အန်တီ့သားနဲ့ အရမ်းတူနေလို့ မင်းကိုအန်တီ့သားအမှတ်နဲ့ ကြည့်နေမိတာ...."
"အော်.... ရပါတယ် အန်တီ၊ ကျွန်တော်လည်း အဲ့ဒါကိုသတိထားမိပါတယ်၊ လူချင်းမှားနေလို့တော့ ထင်သား..."

အန်တီကြီးက အနည်းငယ်အားနာဟန်ဖြင့် ပြုံးလိုက်ပြီးနောက်...
"ဟိုလေ... ငါ့တူကို အကူအညီတစ်ခုလောက် တောင်းချင်လို့၊ တခြားတော့ မဟုတ်ပါဘူး ... အန်တီ ဒီကပြန်တဲ့အခါ အန်တီ့ကို "အမေရေ... တာ့တာ" လို့ပြောပေးပါလားကွယ်၊ အမေလို့ အခေါ်မခံရတာ ကြာလှပြီ သားရယ်...."

သူ့ရင်ထဲ ဆို့နစ်သွားသည်၊ အန်တီကြီး၏ အဖြစ်ကိုလည်း အလွန်သနားသွားမိသည်၊ ဒါလေးလောက်တော့ ငါလုပ်နိုင်ပါတယ်၊ ကုသိုလ်ရတာပေါ့လို့တွေးပြီး...
"ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်တော်ကူညီနိုင်ပါတယ်"

သူလည်း လိုအပ်သည့် ပစ္စည်းတွေရပြီမို့ ငွေရှင်းကောင်တာရောက်သော အခါ အန်တီကြီးက သူ့ကိုစောင့်နေသည်။ သူကလည်း သဘောပေါက်သည်နှင့် ...

"အမေရေ .... တာ့တာ၊ လမ်းမှာလည်း ဂရုစိုက်အုံးနော်...."

ဝမ်းနည်းလွန်းလို့ထင်သည် .... ထိုအန်တီးကြီးက ပြန်နှုတ်ဆက်ဖော်မရ၊ ခပ်သွက်သွက်ခြေလှမ်းဖြင့် ပြန်သွားလေ၏။

ကုသိုလ်ကောင်းမှု တစ်ခုလုပ်လိုက်ရသဖြင့် သူ့ရင်ထဲ ကြည်နူးသွားသည်....၊ သို့သော် ထိုကြည်နူးမှုက ငွေရှင်းကောင်တာမှ ကောင်မလေးကစကားကြောင့် သိပ်ကြာကြာမခံလိုက်....

"စုစုပေါင်း သုံးသောင်းခွဲကျပါတယ်ရှင်...."
"ဗျာ....၊ ကျွန်တော်ဝယ်တာက ဒါလေးပဲရှိတာ ဘာလို့ အဲ့လောက်တောင် ကျရတာတုန်း"
"ရှင့် အမေ ပြောသွားတယ်၊ သူ့သား ရှင်က ပေါင်းရှင်းပေးလိမ့်မယ်တဲ့"
"ဗျာ.... ကျ.... ကျွန်တော့်အမေ"

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)