စားကြည့် အားရှိတယ် ...

မနက်ခင်းက သာယာလို့နေသည်။ ကျေးငှက်လေးများက တီတီတာတာ၊ လိပ်ပြာစုံတွဲလေးများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ရင်း ဟိုသည်ဝဲပျံလို့နေသည်။ နှစ်စက်များကြောင့် စိမ်းစိုနေသည့် သစ်ပင်၊ ပန်းမန်များက နေခြည်နုနုအောက်မှာ အရောင်လက်နေသည်။

မနက်ခင်း၏ သာသာမှုကို ခံစားငေးမောရင်း သန့်ရှင်းလတ်ဆက်သည့်လေကို တဝကြီး သူရှုသွင်းလိုက်သည်။ အခုမှပဲ လန်းဆန်းသွားတော့သည်။ မြို့ကြီးပြကြီးမှာ ကြီးပြင်းခဲ့ရသူမို့ ဒီရွာလေး၏ သာယာဆိတ်ငြိမ်မှုကို သူသဘောကျသွားသည်။

ဒီရွာလေးက သူ့ဘိုးဘွားများ၏ ချက်မြုပ်မွေးရပ်မြေဖြစ်သည်။ ရှေးရိုးဆန်သော ရွာကြီးဖြစ်ကာ ဓလေ့ထုံတမ်းကို အလွန်အလေးထားကြသည်။ တကယ်တော့ တရုတ်လူမျိုးများသည် အလွန်ဆွေမျိုးများသည့် လူမျိုးမဟုတ်ပါလား....။ အခုလည်း ကျောင်းပိတ်ရက်မို့ ဆွေးမျိုးကြီးများရွာသို့ အလည်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဦးကြီးတစ်ယောက်၏ အိမ်တွင်တည်းခိုနေသည်။

မနက်ခင်း၏ အလှယဉ်ကြောမှာ သူမှင်သက်စီးမြောနေခိုက် ရုတ်တရက် သူ့နှာခေါင်းဝသို့ တိုးဝင်လာသော စူးရှရှရနံ့တစ်ခုကြောင့် သူ့ခံစားမှုတို့ ထွက်ပြေးလွင့်ပျယ်သွားကြသည်။ ပတ်ဝန်းကျင်းကို စူးစမ်းကြည့်တော့ လေကို ဖြေးညှင်းစွာ ရှုသွင်းလျှက် ထိက်ချိကစားနေသူတချို့ကို တွေ့ရသည်။ သူတို့ပုံစံကြည့်တော့လည်း ဘာအနံ့မှ မရသည့်အလား.... ထိုက်ချိကစားပင်မပျက်။

သူပဲစိတ်ထင်လို့လားဟူ၍ နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံကြည့်ပြန်သည်။ ထိုအနံ့ကတော့ လေထဲမှာ လွင့်ပျံ့မင်းမူနေတာတော့ သေချာသည်။ သို့နှင့် ပိုသေချာသွားအောင် သူ့နှာခေါင်းကို မိုးပေါ်ထောင်၍ ထောက်လှမ်းကြည့်ပြန်သည်။ ဦးကြီးတို့ မီးဖိုဆောင်ဘက်က ဖြစ်ဖို့များသည်။

မီးဖိုဆောင်ဘက်ကို သူရောက်သွားတော့ မီးဖိုပေါ်က အိုးတစ်လုံးကို ယပ်တစ်ခပ်ခပ်နှင့် အလုပ်ရှုပ်နေသော ဒေါ်ကြီးကိုတွေ့ရသည်။

"ဘာအိုးတည်နေတာလည်း ဒေါ်ကြီး"

ဒေါ်ကြီးက မီးဖိုကို ယပ်ခတ်နေရာမှ သူ့ကိုလှမ်းကြည့်ကာ...

"ဆေးကြက်ဥပြုတ်နေတာကွဲ့၊ မင်းနဲ့ မင်းဦးကြီးအတွက်လေ ...."

ဒေါ်ကြီးက သူ့အမေးကို ပြန်ဖြေရင်း ဆေးကြက်ဥပြုတ်အိုးကို ချလိုက်သည်။ ပြီးလျှင် ပန်းကန်လုံးကြီး တစ်လုံးထဲတွင် ကြက်ဥနှင့် ဆေးရည်များကို ခပ်ထည့်ကာ

"ဒီဆေးကြက်ဥပြုတ်စားရင် အရမ်းကို အားရှိတာကွဲ့၊ မင့်ဦးကြီးဆိုရင် ကြက်ဥပြုတ်စားလိုက် ဆေးရည်လေးခပ်သောက်လိုက်နဲ့ အရမ်းကို ကြိုက်တာပေါ့"

ဟူ၍ ပြောဆိုပြီး စားပွဲတစ်လုံးတွင် ဆေးကြက်ဥပန်းကန်လုံးကို ချလိုက်သည်။

"ဒါနဲ့ ဒေါ်ကြီး .... ဒီဆေးကြက်ဥကို ဘာနဲ့ ရောပြုတ်ထားတာလဲဟင်....၊ အနံ့က ခပ်စူးစူးနဲ့ တော်တော်ဆိုးတယ်"

သူ့အမေးကို ဒေါ်ကြီးက ခပ်ပြုံးပြုံးနှင့် ပြန်ဖြေသည်။

"ဒေါ်ကြီးသားအငယ်ကောင်ရဲ့ ကျင်ငယ်ရည်နဲ့လေ ...."

"ဗျာ ..... ဒါ ..... ဒါဆို သေးရည်နဲ့ ပြုတ် ... ပြုတ် ..."

သူ့ပုံစံကို ကြည့်ကာ ဒေါ်ကြီးက အနည်းငယ်စိတ်ဆိုးသွားဟန်နှင့်

"အဲ့ဒါကလေးသေးပဲဟဲ့.... ဆေးဖတ်ဝင်တယ်၊ မင်းဦးကြီးဆို ငယ်ငယ်ကတည်းက ဆေးကြက်ဥပြုတ်စားပြီးကြီးလာတာ"

ထိုအချိန်မှာပင် ဦ:ကြီးက နှာခေါင်းတရှုံ့ရှုံ့နှင့် မီးဖိုဆောင်ထဲဝင်လာသည်။

"မွှေးတာကွာ....၊ ဟရောင်.... ငါ့တူကြီး မင်းလည်းစားရမယ်၊ လာထိုင်...."

သူ ကမန်းကတန်း ပြန်ငြင်းလိုက်မိသည်

"နေပါစေပါဗျာ.... ဦ:ကြီးတို့ပဲ ဝအောင်စားပါ၊ ကျွန်တော်ရင်ပြည့်နေလို့"

အမှန်က ပျို့အန်ချင်နေတာပါ။ ဒါပေမဲ့ လူကြီးတွေရှေ့မှာ ရိုင်းပျရာကျမှာမို့ ပျို့သာပျို့စေ မအန်စေနဲ့ စကားလိုပေါ့။

ဒါပေမဲ့ ဦးကြီးတို့က စေတနာကောင်းလွန်းနေသည်။

"စားကြည့်ပါ ငါ့ကောင်ရာ....၊ အားရှိတဲ့ ဆေးကြက်ဥကွ.... ဘာလဲ အားနာလို့လား၊ အားမနာနဲ့ ဟရောင်.... ငါတို့တွေ စားလောက်ပါတယ်ကွာ...."

ဦ:ကြီးက ထိုသို့ပြောရင်း ကြက်ဥပြုတ်ကို တစ်ကိုက်ကိုက်လိုက်ကာ ပန်းကန်လုံးထဲမှ ဆေးကြက်ဥဟင်းရည်ကို ရွှတ်ခနဲ... ခပ်သောက်လိုက်ပြန်သည်။

သူ့မှာတော့ ဦးကြီးနှင့် ဒေါ်ကြီးကို ကြည့်လိုက်၊ စားပွဲပေါ်က အငွေ့တထောင်းထောင်းထကာ သေးနံ့လှိုင်နေသော ဆေးကြက်ဥပန်းကန်ကြီးကို ကြည့်လိုက်နှင့် အကြံအိုက်နေရာမှ....

"အားနာလို့မဟုတ်ဘူးဗျ.....၊ ကျွန်တော်က ကြက်ဥပြုတ်ဆို မကြိုက်လို့ပါ.... အဟီး.."

သူကတော့ ဤမီးဖိုဆောင်ငရဲခန်းမှ လွတ်ပြီဟုတွေးကာ ဝမ်းသာမယ်ကြံတုန်း.... ၊ ဦးကြီးထပ်ပြောလိုက်သော စကားတစ်ခွန်းကြောင့် ငုတ်တုတ်မေ့သွားတော့သည်။

ဦ:ကြီးက "အော်.... ငါ့တူက ကြက်ဥမကြိုက်ဘူးလား....၊ ရော့... ဒါဆိုဟင်းရည်လေးသောက်လိုက် .... အားရှိတယ်"

(လွန်ခဲ့တဲ့ ၂၀၁၁လောက်တုန်းက MMITD မှာ Clicker နာမည်နဲ့ တင်ခဲ့တဲ့ ဘလော့ဂ်ပို့စ်လေးပါ)

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)