ကွန်ပျူတာရူးသူ သို့မဟုတ် ကွန်ပျူတာကြောင့်ရူးသူ

ကွန်ပျူတာနဲ့ ပတ်သက်လို့ဗဟုသုတလည်း မရှိပါဘဲနဲ့ သူများပြောတဲ့ ကွန်ပျူတာအကြောင်းကို နားထောင်ရင်းနဲ့ ကွန်ပျူတာပိုး စဝင်ခဲ့တဲ့ ကျွန်တော်ဟာ ကွန်ပျူတာကို စသုံးကတည်းက အလွဲလွဲအချော်ချော်တွေနဲ့ စခဲ့တာပါ။

အဲ့ဒီတုန်းက Virus ဆိုတာ ဘာမှန်းမသိပါဘူး။ ဖတ်ဖူးတဲ့ ကွန်ပျူတာစာအုပ်တွေထဲမှာတော့ ဗိုင်းရပ်စ်ရှိရင် ကွန်ပျူတာ လေးလံလာတတ်တယ်တဲ့....၊ ဖြစ်ချင်တော့ ကျွန်တော့်ကွန်ပျူတာက ဝယ်ကတည်းက လေး(နှေး)ပါတယ်။ တစ်ခါတလေကျရင် ကြောင်ပြီးရပ်နေတော့ virus ကြောင့်ဖြစ်ရမယ်ဆိုပြီး ဖတ်ထားဖူးတဲ့အတိုင်း Window registry ကိုဝင်ကလိပါတယ်။ မသင်္ကာတဲ့ key တွေဆိုရင် Delete လုပ်ပစ်လိုက်တယ်... အဟီး... virus တော့မသေဘူး...။ Window ကတော့ မသေမရှင်ဖြစ်သွားတယ်ဗျ။ မသေမရှင်ဆိုတာက ဝင်းဒိုးကတော့ တက်တယ်။ ဒါပေမဲ့ ဘာမှဖွင့်ကြည့်လို့မရတော့ဘူး... အဲ.. ဗီဒီယိုတော့ဖွင့်ကြည့်လိုရသေးတယ်ဗျ... အဲ့ဒါလေးတစ်ခုပဲ ရတော့တယ်။ ဒီတော့ ကျွန်တော့်အစ်ကိုက ဘာပြောလဲဆိုတော့ "မင်းကွန်ပျူတာက စျေးကြီးပေးဝယ်ရပြီး ဗီဒီယိုပဲ ဖွင့်ကြည့်လို့ရတယ်ဆိုတော့ ကွန်ပျူတာဝယ်မဲ့အစား... ငါဆိုရင် DVD စက်ပဲဝယ်ကြည့်တော့မယ်" တဲ့လေ...။

အဲ့ဒီလို ကလိလွန်းလို့ ဝင်းဒိုးခဏခဏ ပျက်ပါတယ်။ ကိုယ်တိုင်လည်း ဝင်းဒိုးမတင်တက်တော့ မြစ်ကြီးနားဆင်းပြီး ဝင်းဒိုးတင်ရပါတယ်။ ဝင်းဒိုးတစ်ခါတင် ၅၀၀၀ ကျတယ်ဆိုတော့ ကြာတော့လည်း မတတ်နိုင်တော့ဘူးလေ။ မြစ်ကြီးနားလည်း တကူးတက မဆင်းချင်တော့ ကိုယ့်ဘာသာစမ်းပြီး ဝင်းဒိုးတင်ကြည့်ရင်းနဲ့ ဝင်းဒိုးစနစ်ကို တင်တတ်သွားပါတယ်။ ဒါကတော့ ဝင်းဒိုးစနစ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အလွဲလေးတွေကို ပြောပြတာပါ။

အဲ့ဒီအလွဲကနေပဲ... ပညာတွေ၊ ဗဟုသုတွေတိုးပွားခဲ့ရတာတော့ အမှန်ပါပဲ။

ဒီလိုနဲ့ နည်းပညာပိုင်း နယ်ပယ်ချဲ့ထွင်ရင်းနဲ့ Ubuntu ဆိုတဲ့ ကွန်ပျူတာစနစ်တစ်ခုကို ကျွန်တော်စိတ်ဝင်စားခဲ့ပါတယ်။ ကွန်ပျူတာဆိုရင် Window OS ကိုပဲပြေးမြင်နေကျဆိုတော့ အလကားရပါတယ်ဆိုတဲ့ Ubuntu ကိုစမ်းသုံးချင်စိတ်တွေ ပေါ်လာပြန်တယ်။ ပြောရအုံးမယ်... ကျွန်တော်က programming ပိုင်းကိုစိတ်ဝင်စားတဲ့လူပါ။ ဖတ်ဖူးတဲ့စာအုပ်တွေထဲမှာတော့ hacker တွေ၊ programmer တွေဟာ Linux စနစ်ကိုသုံးကြတယ်ဆိုတာ သိရတော့ အဲ့ဒီကတည်းက စိတ်ဝင်စားသွားတာပေါ့။ ဒါနဲ့ အင်တာနက်ဂျာနယ်မျာ Linux Ubuntu OS အကြောင်းကိုဖတ်ရပြန်တော့ အရူးရင့်လာတာနဲ့ Ubuntu ISO ဖိုင်လေးကို ဒေါင်းလုတ်ဆွဲလိုက်တယ်၊ ဗားရှင်းက 10.04 ပါ။ ပြီးတော့ ဘယ်လိုတင်ရမှန်းမသိတော့ မစမ်းဖြစ်ခဲ့ဘူး... နောက်ပိုင်းမှ Linux အကြောင်းတွေ တော်တော်ပြောလာမှပဲ စမ်းသုံးဖြစ်သွားခဲ့တယ်။

Ubuntu ကိုစသုံး,စမှာပဲ အခက်အခဲစတွေ့ရတော့တာပဲကိုး...။ Windows OS လိုတင်ပြီးတာနဲ့ သီချင်းဖွင့်နားထောင်လို့လည်းမရ၊ ဗီဒီယိုဖွင့်ကြည့်လို့လဲ မရဆိုတော့ ဘာသွားသုံးမလဲပေါ့။ လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေကိုလဲ ဘယ်လိုရှာပြီး ဘယ်လိုသွင်းရမှန်းမသိဘူး။ ပြီးတော့ အင်တာနက်ပေါ်ကနေ ဆွဲထားတဲ့ software packages တွေကလည်း သုံးမရတာမျိုးတွေ ကြုံလာတော့ စိတ်ညစ်လာတယ်။ တင်ထားတဲ့ Ubuntu ကိုပြန်ဖြုတ်ချင်လာတော့ ဘယ်လိုဖြုတ်ပစ်ရမှန်းမသိပြန်ဘူး။ ဒါနဲ့ Ubuntu တင်တုန်းက သီးသန့် partition ပိုင်းပြီးတင်ထားတာဆိုတော့ ဝင်းဒိုးနဲ့ boot တက်ပြီး Ubuntu partition  ကြီးကို format ချပစ်လိုက်တယ်...။ တစ်ခါတည်းကြွရောပဲ... ကွန်ပျူတာကို reboot လုပ်တော့ Window ကမတက်လာတော့ဘူး။ ဘယ်ရမလဲ... Window boot loader ပါပျက်သွားတာကိုး...။ ဖွတ်မရ ဓားမဆုံးဆိုတာ ဒါမျိုးကို ပြောတာနေမှာ။

ဒီလိုနဲ့ ubuntu ကို သုံးချင်စိတ်ပေါက်လာရင် တင်လိုက်၊ အာရုံစားလာရင် ပြန်ဖြုတ်လိုက်၊ ဝင်းဒိုးကလည်း ပျက်လိုက်၊ တင်လိုက်နဲ့ တိုင်ပတ်နေခဲ့တယ်။ အမှားတွေ များလာတော့ အမှန်တွေသိလာတယ်ဆိုရမလားပဲ...။ Linux နဲ့ပတ်သက်ပြီးတော့ တော်တော်လေး လည်လည်ဝယ်ဝယ်ရှိလာပါပြီ။ နောက်ပိုင်း Ubuntu ကို ဝင်းဒိုးနဲ့ dual boot တင်ရင် Easy BCD ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးကို သုံးတတ်လာပါတယ်။ အဲ့ဒီ ဆော့ဖ်ဝဲလ်လေးက OS တွေရဲ့ boot loader တွေကို စီမံထိန်းချုပ်နိုင်တဲ့ အသုံးဝင်အခမဲ့ဆော့ဖ်ဝဲလ်တစ်ခုပါ။ အဲ့ဒီဆော့ဖ်ဝဲလ်ကြောင့် Ubuntu တင်ထားတဲ့ partition ကို format ချပစ်လိုက်လဲ ဝင်းဒိုးမကျတော့ဘူး။ ဝင်းဒိုးဘက်က ပျက်သွားရင်လည်း dual boot တင်ထားတဲ့ ubuntu ဘက်ကို စိုးရိမ်စရာမရှိတော့ဘူး....

တကယ်တော့ ဒီအခြေနေထိရောက်အောင် အမှားတွေ၊ အလွဲတွေနဲ့ ကြုံခဲ့ရတယ်...။ ဒီလိုရေးပြရတာကလည်း ကျွန်တော်သိကြောင်း၊ တတ်ကြောင်း ကြွားချင်လို့ မဟုတ်ပါဘူး... ကွန်ပျူတာသမားတွေအတွက် ဝင်းဒိုးတင်တာလောက်တော့ ထမင်းစားရေသောက်ပဲ မဟုတ်လား....။ အဓိက ကျွန်တော်ဆိုလိုချင်တာက မသိရာကနေ သိလာအောင် ဖြတ်သန်းရပုံတွေ...၊ မတတ်ရာကနေ တတ်လာအောင် ကြုံခဲ့ရပုံတွေပါ...။

တစ်နေ့ကလည်း Ubuntu အတွက် nvidia graphic driver လေးရလာပါတယ်။ အဲ့ဒါကို install လုပ်တော့ ခေါင်းမီးတောက်မတတ်ပဲ။ Terminal ကနေ sudo sh nvidia graphic driver.run ဆိုပြီး run လိုက်တိုင်း error ပြပါတယ်...။ ဘယ်လိုမှ install လုပ်လို့မရပါဘူး။ X-Server ကို Stop လုပ်ပါတယ်... error message ပြပါတယ်။ X Server ဆိုတာ ဘာမှန်းတောင် သိတာမဟုတ်ပါဘူး။ ဒါကြောင့် Google ကိုပဲ အားကိုးရတော့တယ်။ X Server ကိုရပ်ဖို့အတွက် နည်းလမ်းတွေက အများကြီးပဲ... ဝဘ်ဆိုဒ်တစ်ခုကတော့ Ctrl + Alt + Backspace ကိုတွဲနှိပ်ရင် X Server ကို disable လုပ်လို့ရတယ်တဲ့။ နောက်ဝဘ်ဆိုဒ်တစ်ခုကျတော့ sudo /ect/init.d/gdm stop ဆိုပြီး terminal မှာရိုက်ရင် X Server ကိုရပ်တာပဲတဲ့... စုံလို့ပါပဲ၊ ကျွန်တော်စမ်းတာ တစ်ခုမှ အဆင်မပြေဘူး။

အတော်လေး ခေါင်းမီးတောက်အောင် ကြိုးစားပြီးမှ ရသွားပါတယ်။ ဘယ်လိုလုပ်လိုက်သလဲဆိုတော့ ubuntu ကို recovery mode နဲ့တက်ပါတယ်။ ပြီးတော့ root နဲ့ဝင်ပြီး driver ကို install လုပ်လိုက်တာပါ။ ပထမတစ်ခေါက်လုပ်တုန်းက permission ခံနေတာကြောင့် မရပါဘူး... နောက်မှ driver package ကို permission အပြည့်ပေးလိုက်မှ တင်လို့ရသွားပါတယ်။ Graphic driver တင်လိုက်လို့ စက်က ပိုမြန်လာမလား အောက်မေ့ပါတယ်... ဘယ်ဟုတ်မလဲ...၊ nvidia graphic driver တင်ပြီးနောက်ပိုင်း Ubuntu ကို recovery mode နဲ့ဝင်မှပဲ ရတော့တယ်၊ recovery mode ကနေ normal boot ကိုရွေးမှပဲ Ubuntu ကိုသုံးလို့ရတော့တယ်ဗျ... တကယ်ပါ ထိုင်နေအကောင်းသား... အခုတော့ ကျိုးမှန်းသိသွားပြီ။

ဒီလိုပါပဲ... အမြဲတမ်း အမှားတွေ၊ အလွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲ့ဒီ အလွဲတွေ၊ အမှားတွေကနေပဲ ကျွန်တော် အသိတွေ၊ အတတ်တွေ အများကြီးရခဲ့ပါတယ်။ အရင်ကဆိုရင် ဝင်းဒိုးတောင် မတင်တတ်ခဲ့ဘူး။ အခုတော့ Linux စနစ်ကိုတောင် တင်သုံးနိုင်နေပြီလေ...။

အခုအခြေနေနဲ့ အရင်ကွန်ပျူတာသုံးစ အခြေနေနဲ့က အတော်ကြီးကို ကွာဟသွားခဲ့ပြီ။ မိတ်ဆွေတို့လည်း ကျွန်တော့်လိုပဲ အစပြုခဲ့ဖူးမယ်မဟုတ်လား....။

ဒါကြောင့် ဘယ်အလုပ်မဆို၊ ဘယ်အတတ်ပညာမဆို ပေးဆပ်ရမှုတော့ အနည်းနဲ့အများ ရှိစမြဲပါ။ အခက်အခဲဆိုတာက ကြောက်စရာမဟုတ်ပါဘူး၊ ကိုယ့်ကို သင်ခန်းစာပေးမဲ့၊ ပိုမိုရင့်ကျတ်လာစေမဲ့ စမ်းသပ်မှုလို့သာ မှတ်ယူလက်ခံသင့်ပါတယ်။ "ကျွန်တော်တို့တွေ သိတယ်၊ တတ်တယ်ဆိုတာလည်း ကျွန်တော်တို့တွေ သိတယ်၊ တတ်တယ်ဆိုတဲ့ ကန့်သတ်ချက် ဘောင်လေးထဲမှာပဲရှိပါတယ်။ အဲ့ဒီထက်ပိုမသိပါဘူး။" ပိုသိချင်၊ တတ်ချင်လာရင်တော့ ပိုပြီး လေ့လာဆည်းပူးရမှာဖြစ်တယ်။ ဒါမှသာလျှင် ကျွန်တော်တို့ရဲ့ သိမှု၊ တတ်မှု နယ်ပယ်ကန့်သတ်ချက်ဘောင်လေးဟာ ကျယ်သထက်ကျယ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် လုပ်ရင်တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူးဆိုတဲ့ အတွေးမျိုးကို ဖယ်ပစ်ရမှာ မုချပါပဲ။ ဘာမှမလုပ်ပဲ ဒီအတိုင်းနေတာထက်စာရင် တစ်ခုခုကြိုးစားလိုက်လို့ ရှုံးနိမ့်သွားတယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာ သိနိုင်ပါတယ်။ အရှုံးထဲက အမြတ်ထုတ်နိုင်တယ်မဟုတ်လား။

ရူးမှထူးမယ်ဆိုတဲ့စကားတောင် ရှိသေးတာပဲ...။ တစ်ခုခုကို အရူးအမူးစွဲလမ်းရင် ထူးချွန်ပေါက်မြောက်လာမယ်ဆိုတဲ့ သဘောပေါ့။

ဒါပေမဲ့ အဲ့ဒီစကားက ကျွန်တော့အတွက်တော့ ကွက်ပြီးမှားနေတယ်။

ကျွန်တော်ကတော့ ပိုပြီးထူးမလားတဲ့အပြင် ကွန်ပျူတာနဲ့ပတ်သက်လာရင် ပိုပြီးတောင် ရူးလာသလားလို့...။

By Clicker (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁ - Myanmar IT Development Forum)

Comments

  1. ဝင်းဒိုးတင်နည်းကိုတော့ ယူတုကနေပြီး ကြည့်ပြီး တတ်သွားတယ်ပဲဆိုရမယ် အခု သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်တော့်ကွန်ပျူတာလေး ဝင်းဒိုးတင်နည်းကိုတော့ အခါသုံးဆယ်ကျော်ပြီလေ အိမ်ဘေးက ဝိုင်ဖိုင်လေးသုံးချင်လို့ Linux တင်တယ်ဆိုမှ နောက်ဆုံး ယူဇာနဲ့ ပါ့စ် မှာ ဘာထည့်ရမှန်းမသိဘဲ တစ်ရက်လောက်တိုင်ပတ်ဖူးတယ် သုံးကြည့်တော့လည်း ဘာမှန်မသိ နားမလည်တော့ ပြတင်းပေါက်ကိုပဲ ပြန်သွားချောင်းကြည့်နေမိတယ်ဗျာ

    ReplyDelete
  2. ခုပဲ down လိုက်ပါပြီ EasyBCD

    ReplyDelete

Post a Comment

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)