လှည့်ကွက်

လှည့်ကွက်
တစ်ခါတုန်းက ထူးဆန်းတဲ့ ရွာတစ်ရွာကို ခရီးသွားလူတစ်ယောက် ရောက်သွားတယ်။

ထူးဆန်းရတဲ့ အကြောင်းရင်းက ရွာသူရွာသားတွေဟာ ထူးထူးခြားခြား အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ကြတယ်။ တခြားရွာကလူတွေလို သူတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေ ရှိပေမဲ့လည်း ဒီရွာကလူတွေဟာ ပျော်ပျော်နေကြတာပဲ။

ခရီးသွားဧည့်သည်လေးကို စိတ်ဝင်စားစေတဲ့ အရာက ရွာရဲ့ နတ်ကွန်းကြီးပါပဲ။ တခမ်းတနားကြီးကို ဆောက််ထားတဲ့ နတ်ကွန်း။ လူစိမ်းအဝင်မခံဘဲ အစောင့်အကျပ်တွေချထားတယ်။

အဲ့ဒီနတ်ကွန်းထဲကို ရွာသူရွာသားတွေဟာ မနက်လင်းတာနဲ့ ဝင်ပြီးဝတ်ပြုပြီးတာနဲ့ ပြန်ထွက်လာတဲ့အခါ အားလုံးဟာ ပြုံးရွှင်နေကြတယ်။ တချို့ကလည်း ရယ်မောလို့။

ဒီတော့ ခရီးသွားလေးဟာ နတ်ကွန်းထဲ ဝင်ကြည့်ချင်စိတ် တဖွားဖွားပေါ်လာတာပေါ့၊ နတ်ကွန်းထဲမှာ လျှို့ဝှက်ချက်တွေများ ရှိမလား၊ ဒီရွာသူရွာသားတွေ ဒီလောက် ကျန်းမာပျော်ရွှင်နေကြတာ နတ်ကွန်းထဲမှာ တန်ခိုးကြီးတဲ့ အရာတစ်ခုခုရှိရမယ်။ သူလည်း အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ချင်တယ်လေ။

ဒါကြောင့် တစ်ညမှာ အစောင့်တွေအိပ်ငိုက်နေတုန်း နတ်ကွန်းထဲကို ခိုးဝင်လိုက်တယ်။

နတ်ကွန်းထဲမှာ အရောင်မွဲခြောက်ခြောက် နတ်ရုပ်ကြီးတစ်ခုနဲ့ အရောင်တဖိတ်ဖတ်တောက်ပနေတဲ့ သေတ္တာတစ်လုံးတင်ထားတဲ့ စားပွဲလေးတစ်လုံးပဲ ရှိတယ်။

ခရီးသွားလေးဟာ သိချင်စိတ်ပြင်းပြစွာနဲ့ပဲ သေတ္တာလေးကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ စာရွက်လေးတစ်ရွက်ပဲတွေ့တော့ သူအံ့ဩသွားတာပေါ့။ ဂါထာမန္တာန်များလားဆိုပြီး ယူဖတ်ကြည့်လိုက်တဲ့အခါ ခရီးသွားလေးခမျာ ရုတ်တရက် ငေးငိုင်သွားတယ်။ ပြီးတော့ တဖြည်းဖြည်းပြုံးလာတယ်၊ ပြီးတော့ အသံထွက်ပြီး တခွိခွိနဲ့ရယ်တယ်၊ ပြီးတော့ ဗိုက်ကို လက်နဲ့နှိပ်ပြီးတော့ကို တဟားဟားနဲ့ အော်ရယ်တော့တာပဲ။

ရယ်လည်း ရယ်ချင်စရာကို စာရွက်လေးထဲမှာရေးထားတာက စာတစ်ကြောင်းတည်း။

“ရယ်သောသူသည် အသက်ရှည်၏” တဲ့။
(ပြီးပြီ)
……….

ဆောရီး မပြီးသေးဘူးဗျ၊ ကျန်သေးတယ်။ ခရီးသွားလေးရဲ့ တဟားဟားအော်သံကြားတော့ အစောင့်တွေက သိပြီး သူကြီးဆီ ဖမ်းခေါ်သွားတာပေါ့။

သူကြီးရှေ့၊ ရွာသူရွာသားတွေရဲ့ ရှေ့ရောက်တော့လည်း ခရီးသွားက တဟီးဟီးရယ်နေတုန်း။

“အသင် ခရီးသွား၊ သင်ဟာ တားမြစ်ထားတဲ့ ကျုပ်တို့ရဲ့အထွတ်အမြတ်နေရာကို ခိုးဝင်တယ်၊ ကျုပ်တို့ရဲ့ အစွမ်းထက် ကျန်းမာသက်ရှည်နည်းကို ခိုးဖတ်တယ်။ ကျုပ်တို့ရဲ့လျှို့ဝှက်ချက်မပေါက်ကြားဖို့အတွက် သင့်ကို သေဒဏ်ပေးရလိမ့်မယ်”

သူကြီးက သေမိန့်ချလိုက်ပေမဲ့ ခရီးသွားက တဟားဟားနဲ့ ရယ်လို့ကောင်းတုန်း။

“ဘာ… အစွမ်းထက် ကျန်းမာသက်ရှည်နည်းဟုတ်လား၊ ခင်ဗျာတို့တွေ တယ်လည်းနောက်တတ်ကြတာကိုး။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းကို သေချာရေးမှတ်ပြီး တခမ်းတနားကြီးထား ထားတာကို ကျုပ်ဖြင့် အံ့ဩလို့ကို မဆုံးဘူး”
 “ရယ်သောသူသည် အသက်ရှည်၏တဲ့၊ တော်တော်ပေါကြောင်ကြောင်နိုင်တဲ့ စကား၊ ကျုပ်တွေ့ဖူးတဲ့ ဗမှားရွာကလူတွေဆို နေ့တိုင်းပေါကားကြည့်တာ ရယ်ကြတာ တစ်ယောက်မှ အသက်မရှည်ပါဘူးဗျာ။ ခင်ဗျားတို့ကတော့ ကံကောင်းလို့ပဲ ဖြစ်ရမယ်။”

ခရီးသွားရဲ့ စကားကိုကြားတော့ ရွာသူကြီးပြုံးလိုက်တယ်။ ဒီခရီးသွားကလည်း အရင်လူတွေလိုပဲကိုး၊ တော်သေးတာပေါ့။

“နှုတ်တစ်ရာ၊ စာတစ်လုံး ဆိုတဲ့စကားရှိတယ်ကွဲ့။ အသင်ပြောတဲ့ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ ကျုပ်တို့အတွက်တော့ အများကြီးလေးနက်တယ်၊ အကျိုးရှိတယ်၊ ထားပါတော့ အသင်ပြောသလို ကျုပ်တို့တွေ ကံကောင်းလို့ အခုလို ကျန်းမာအသက်ရှည်ကြတာပဲထားလိုက်ပါတော့။”
“အခု ကျုပ်စိတ်ပြောင်းသွားပြီ။ ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်ကို အသင်သူများကို လျှောက်ပြောလည်း ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။ ဒါကြောင့် အသင့်ကို မသတ်တော့ဘူး။ သွားလိုရာသွားတော့ …”
“ဟားဟား တော်တော် အူကြောင်ကြောင်နိုင်တဲ့လူတွေ။ အရူးတွေ ….  သွားပြီဗျာ ဘိုင့်ဘိုင် …… ဟားဟား”

ခရီးသွားလေး မရှိတော့မှ ရွာသူရွာသားတွေအားလုံး သက်ပြင်းချနိုင်တော့တယ်။

“ထင်တော့ ထင်သားပဲ။ ဒီလူလည်း အရင်လူတွေလိုပဲ ငတုံးပါလို့။”
“တော်သေးတယ်၊ ကျုပ်တို့ရဲ့ လှည့်စားချက်ကို မရိပ်မိသွားလို့ပေါ့”

နောက်တစ်နေ့ မိုးလင်းတော့ ရွာသူရွာသားတွေ နတ်ကွန်းကြီးဆီ စုဝေးရောက်ရှိလာတယ်။ အလှည့်ကျ နတ်ကွန်းကြီးထဲဝင်ကြတယ်။ စားပွဲပေါ်က အရောင်တဖိတ်ဖိတ်လက်နေတဲ့ သေတ္တာလေးကို အရေးတောင်မလုပ်ကြဘဲ နတ်ရုပ်ကြီးရှေ့မှာ ရိုရိုသေသေ ဒူးထောက်ထိုင်ပြီး ကျန်းမာအသက်ရှည်ဖို့ ဆုတောင်းကြတယ်။ ပြီးတော့ ကျန်းမာပျော်ရွှင်စွာနဲ့ ပြန်ထွက်လာတယ်။။

နှင်းလူ(Clicker)

Comments

Post a Comment

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)