လူကြီးမင်းများရွာ ...

Lazy

(၁)
ဤရွာအမည်က ခန့်ငြားလှပသည်။ "လူကြီးမင်းများရွာ" ဟူ၏။ တစ်ချိန် တစ်ခါကတော့ ရွာအမည်နှင့် လိုက်ဖက်စွာ ဤရွာ၌ လူတော်လူကောင်းများ နေထိုင်ခဲ့ဖူးသည်။ ယခုသော်ကား ....


(၂)
ပြဿနာက ရွာလယ်က အမှိုက်ပုံကြီးက စသည်။

ဤရွာကြီး ယခုလောက်ကြီးမားပြီး မစည်ကားခင်အချိန်က အမှိုက်များကို ခပ်လွယ်လွယ် စွန့်ပစ်ခဲ့ကြသည်။ စွန့်ပစ်အမှိုက်ဟု ဆိုသည့်အတိုင်း ထမင်းကျန်ဟင်းကျန်သာမက ဘုစုခရုလေးတွေ၏ ချီးသေးတွေအပြင် အခြားစွန့်ပစ်ပစ္စည်းများလည်းပါဝင်သည်။

အစောပိုင်းကာလတွင် စွန့်ပစ်ပစ္စည်းများ ယခုလောက် သိပ်မများသည့်အပြင် လူနေအိမ်ခြေနည်းသည့်အတွက် အမှိုက်ပုံကြီး၏ ဆိုးရွားသည့် ရနံ့နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများက သိပ်မရှိခဲ့ချေ။ ထို့ကြောင့်လည်း အားလုံးက သိပ်အရေးမကြီးသယောင် ခပ်ပေါ့ပေါ့ သဘောထားခဲ့ကြသည်။

ယခုတော့ ရွာကြီးတစ်ရွာဖြစ်လာခဲ့ပြီ၊ လူနေအိမ်ခြေများလာသည်။ လူများလျှင် ချီး(ချေး)များသည်ဟူသည့် စကားအတိုင်း အမှိုက်ပုံကြီးကလည်း ကြီးသထက် ကြီးလာသည်။ ပိုဆိုးသည်က အားလုံးလိုလိုက လွယ်ကူစွာ အမှိုက်ပစ်ရန်အတွက် အမှိုက်ပုံကြီးကို ဗဟိုပြုကာ အိမ်တည်ကြသည့်အတွက် ဧရာမ အမှိုက်ပုံကြီးက ရွာလယ်ခေါင်၌ ခန့်ငြားထည်ဝါစွာ ပေါ်ပေါက်လာရသည်။ ဤရွာ၏ ကျက်သရေဆောင်မှာ ရွာဦးစေတီမဟုတ်တော့ဘဲ ရွာလယ်ခေါင်က အမှိုက်ပုံကြီး ဖြစ်လာသည်။

ယခုတော့ ဤအမှိုက်ပုံကြီးကို အကြောင်းပြုကာ ရွာနှစ်ခြမ်းကွဲလေပြီ ...၊ အမှိုက်ပုံကြီး၏ဒဏ်ကို ဆက်လက်သည်းမခံနိုင်တော့၍ ရွာပြင်ထွက်နေကြသည့် ဦးတိုးတက်တို့ ရွာသားများကတစ်ဖက်၊ အမှိုက်ပုံကြီးကို သံယောဇဉ်တွယ်ကာ မစွန့်ခွာရက်သည့် ရွာသူကြီးအပါအဝင် ရွာသားများက တစ်ဖက်။

"အခု ခင်ဗျားတို့တွေ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြပါအုံး။ ဒီအမှိုက်ပုံကြီးကြောင့် ခင်ဗျားတို့တွေ ကျန်းမာရေး ချို့တဲ့ကုန်ပြီ၊ ခင်ဗျားတို့နေတဲ့ ဝန်းကျင်ဟာလည်း အင်မတန်ကို ညစ်ပတ်ပေရေနေပြီ"
"တခြားဘေးပတ်ဝန်းကျင်က ရွာတွေလို စည်းကမ်းတကျနဲ့ သန့်သန့်ရှင်းရှင်း နေသင့်ပြီ"

ပြောလက်စစကားကို ခဏရပ်ပြီး ရွာသူရွာသားများကို ဦးတိုးတက် အကဲခတ်ကြည့်လိုက်သည်။ ထုံးစံအတိုင်း မထုံတတ်သေးဂိုက်များနှင့်သာ။

"ဒါကြောင့် ခင်ဗျားတို့တွေကို ဒီအမှိုက်ပုံကြီးကို တခြားသင့်တော်တဲ့ နေရာကို ရွှေ့ပြီး စည်းကမ်းတကျနဲ့ အမှိုက်ပစ်ကျဖို့ ကျုပ်တိုက်တွန်းရတာပဲ၊ မပျင်းကြပါနဲ့တော့၊ ခဏတဖြုတ်ပဲ သည်းခံပြီး ဝိုင်းရွှေ့လိုက်ကြရင် ရပြီဟာကို။ ပြီးတော့ ..."

"ဟာဗျာ ... အပိုတွေ၊ ကျုပ်တို့တွေ ဒီအမှိုက်ပုံကြီးမှာ အမှိုက်ပစ်လာတာ နှစ်တွေ မနည်းတော့ဘူး။ ခင်ဗျာအခုပြောသလို တခြားနေရာရွှေ့ပါပြီတဲ့ ရှင်းလင်းနေရတာနဲ့ အလုပ်ကရှုပ်ရအုံးမယ်။ ပြီးတော့ ခုလို အမှိုက်ထုတ်လေးကို အိမ်ရှေ့ကို လှမ်းပစ်လိုက်တာနဲ့ ကိစ္စပြီးနေတဲ့ဟာကို ခပ်ဝေးဝေးသွားပြီး အမှိုက်ပစ်ရတော့မယ်။ မဖြစ်သေးပါဘူးဗျာ။"

"မဟုတ်သေးဘူးလေဗျာ။ အခုက ခင်ဗျားတို့ ကောင်းဖို့အတွက် ကျုပ်ပြောနေတာလေ .."

"တော်စမ်းပါဗျာ .... ကျုပ်တို့ဘာသာ နေတတ်သလို နေ, နေကြတာ၊ ခင်ဗျားရဲ့ အူကြောင်ကြောင် သန့်ရှင်းရေးစီမံကိန်းကြီးကို လက်မခံနိုင်ပါင် ..."

ဦးတိုးတက်တို့ လူတစ်သိုက် စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်မိကြသည်။ သို့ပေမဲ့ ရွာသူကြီး ဦးလေအိုးနှင့် ရွာမျက်နှာဖုံး သူဌေးကြီး ဦးပြောင်တို့ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ငါးခူပြုံး ပြုံးလိုက်ကြသည်။

"ကျုပ်ကတော့ ကျုပ်စခဲ့တဲ့ ဇာတ်လမ်းကို ခင်ဗျားတို့လို လူသန့်တွေ ကဖျက်ကယက်လုပ်တာ လက်မခံနိုင်ဘူးဗျာ၊ ကျုပ်က စေတနာနဲ့ ရွာသူရွာသားတွေ အလွယ်တကူအမှိုက်ပစ်နိုင်အောင်လို့ ဒီအမှိုက်ပုံကြီးဖြစ်လာအောင် စပြီး အမှိုက်ပစ်ခဲ့လူ။ ဟော ... အခုတော့ ခင်ဗျားတို့လူသန့်တွေက ဘာမဟုတ်တဲ့ ကျန်းမာရေးချို့တဲ့မှုဆိုတာကြီးကို အကြောင်းပြပြီး ကျုပ်ရဲ့ အမှိုက်ပုံကြီးကို ရွှေ့ပစ်ချင်ကြတယ်ဆိုတော့ ကျုပ်ရဲ့ ဧရာမစေတနာကြီးကို စော်ကားလိုက်တာပဲ"

မှန်ပေသည်၊ သူဋ္ဌေးကြီး ဦးပြောင်မှာ ဤအမှိုက်ပုံကြီးကို စတင်ဖြစ်ပေါ်စေခဲ့သူဖြစ်သည်။ ရွာတည်စက ဦးတိုးတက်တို့လူစုက အမှိုက်များကို စနစ်တကျပစ်ရန် ဦးဆောင်လှုံ့ဆော်ခဲ့သော်လည်း လိုက်နာသူမရှိခဲ့၊ ဦးပြောင်ကြီးက စတင်၍ သူ့အိမ်ရှေ့ရှိ ယခုအမှိုက်ပုံကြီးနေရာ၌ အမှိုက် စပစ်ခဲ့သဖြင့် တခြားရွာသူရွာသားများကပါ သူ့ခြေရာနင်းကာ ဖြစ်သလို အမှိုက်လိုက်ပစ်ကြတော့သည်။ နောက်ပြီး အမှိုက်က ရွှေဖြစ်ဆိုသလို ဤအမှိုက်ပုံကြီးထဲမှပင် တိုလီမုတ်စများရှာဖွေရောင်းချခြင်းဖြင့်လည်း ဝင်ငွေရသေးသည်။

"ဦးပြောင်ကြီးပြောတာ ဟုတ်တယ်၊ ကျုပ်တို့တွေ ဦးပြောင်ကြီးကို ထောက်ခံတယ်။ ဦးပြောင်ကြီး ကျေးဇူးကြောင့် ကျုပ်တို့တွေ အခုလို အလွယ်တကူ အမှိုက်ပစ်နိုင်တာ၊ ဦးပြောင်ကြီးက ကျုပ်တို့ရဲ့ ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်။ သူ့အမှိုက်ပုံကြီးသာ မရှိရင် ကျုပ်တို့တွေ အဝေးကြီးသွားပြီး အမှိုက်ပစ်ရမှာ၊ အမှိုက်ပစ်ဖို့ တော်တော်ကို ဒုက္ခရောက်ခဲ့ကြမှာ"

"ဟုတ်တယ် ဦးပြောင်ကြီးဟာ ကျုပ်တို့ရဲ့ ဖအေလို့တောင် တင်စားပြောလို့ရတယ်၊ ကျုပ်ဆို တစ်နေ့သုံးကြိမ် ဦးချတာ။ သူ့ကျေးဇူးကြောင့် မနက်မိုးလင်းရင် အမှိုက်ထုပ်လေးကို ဟောသလို ပစ်ရမ်းပြီး လွှင့်ပစ်လိုက်ရုံပဲ၊ လွယ်မှလွယ် ...။"
"တို့ကတော့ ဒီအမှိုက်ပုံကြီးကို သံယောဇဉ်ဖြစ်နေပြီဟေ့ ...."
"အမှိုက်ပုံကရတဲ့ အနံ့လေးက မွှေးနာပဲ။ ဒီအနံ့မှ မရရင် အိမ်မပျော်ဘူးတော့်"
"ဖင်ကြီးကျယ်တဲ့ လူသန့်တွေအလိုမရှိ ....အလိုမရှိ"
"အမှိုက်ပစ်ချင်သလို ပစ်နိုင်ရေး ..... ဒို့အရေး ဒို့အရေး ..."
"အလကား လူသန့်တွေ၊ အစကတည်းက အမှိုက်ပုံကြီးကို နင်တို့ နေရာဦးထားပါလား၊ ဘာလို့ အခုမှ တောင်အော် မြောက်အော်လုပ်ရသတုံး"
"နင်တို့ဟာ နင်တို့ ဘယ်လောက်သန့်သန့် လူတိုင်း လိုက်မသန့်ရင် နင်တို့အလကားပဲ"
"ဟုတ်တယ် ငါတို့ကို ကြည့်စမ်း၊ ဖြစ်သလိုနေ ဖြစ်သလိုစား၊ ဖြစ်သလိုအမှိုက်ပစ်ကြတာ ဘယ်လောက် အနေလွယ်လိုက်သလဲ"
"သူတို့ သန့်သလို လိုက်မသန့်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီး ..."
"အမှန်တိုင်း ဝန်ခံရရင် သောက်ကြီးသောက်ကျယ်နိုင်တဲ့ နင့်တို့ လူသန့်တွေကို ကြည့်မရလို့ လိုက်မသန့်တာဟဲ့" ...

အများစုက ဦးပြောင်ကြီးကိုသာ ဝိုင်းဝန်းထောက်ခံကြသဖြင့် ဦးတိုးတက်ခမျာ ရွာသူကြီး ဦးလေအိုးကို အားကိုးတကြီးနှင့် လှမ်းကြည့်မိသည်။ ဦးလေအိုးကတော့ ဘာမှမပြောသေး။ ထို့ကြောင့် ဒီလောက် တုံးအရသလားဟု အားမလိုအားမရဖြစ်လာကာ ဦးတိုးတက်တို့လူစုကလည်း ပြန်အော်လေတော့သည်။

"ငတုံးတွေ .... မင်းတို့တွေကို ပိုကောင်းတဲ့ ဝန်းကျင်တစ်ခုဖန်တီးဖို့ တိုက်တွန်းတဲ့ဟာကို လက်မခံကြဘူး"
"ငအတွေ .... ကြာရင် တစ်ရွာလုံး အမှိုက်ပုံထဲမြုပ်ပြီး မင်းတို့လည်း အမှိုက်ဖြစ်သွားကြတော့မှာ ..."
"ငပျင်းတွေ ... "
"ငဖျင်းတွေ ..."
"ဘေးပတ်ဝန်းကျင်က ရွာတွေက မင်းတို့ရွာထက် အများကြီး သာနေပြီဆိုတာ သိကြရဲ့လား ငပိန်းတွေရဲ့ ..."

ပွဲကြမ်းလေပြီ ...။ အပြန်အလှန်အော်ကြ ဆဲကြနှင့် ကြာလျှင် ထသတ်ကြတော့မှာမို့ ရွာသူကြီး ဦးလေအိုးခမျာ သက်ပြင်းတစ်ချက်ချလိုက်လျှက် ...

"ကဲ အားလုံးပဲ၊ ဒီရွာကို အုပ်ချုပ်သူ ရွာသူကြီးတစ်ယောက်အနေနဲ့ ရွာသူရွာသားတွေရဲ့ ရှေ့ရေးအတွက်၊ ကျုပ်တို့ရွာကြီးရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ပါရစေ။ တကယ်တော့ ဒီအမှိုက်ပုံကြီးဟာ ဒီနေရာမှာ ရှိနေတာ မသင့်တော်ပါဘူး။"

ဦးလေအိုး၏ စကားကြောင့် တစ်ရွာလုံး ငြိမ်သက်သွားလေ၏။ ဦးတိုးတက်တို့ လူတစ်စုကတော့ မျှော်လင့်ချက်ကြီးစွာဖြင့် နားစွင့်လျှက် ...

"ဦးတိုးတက်တို့ ပြောတာမှန်ပါတယ်။ ဒီအမှိုက်ပုံကြီးကြောင့် ကျုပ်တို့ ရွာသူရွာသားတွေ ကျန်းမာရေးထိခိုက်တယ်။ ရွာကျက်သရေတုံးတယ်။ ဒါပေမဲ့ဗျာ ..."

ဦးပြောင်ကြီးကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဦးလေအိုးက

"ဦးပြောင်ကြီးဆိုတာ ကျုပ်နဲ့ ငယ်သူငယ်ချင်းပါ။ သူစေတနာနဲ့ ဒီအမှိုက်ပုံကြီးကို စဖန်တီးခဲ့ကြလို့သာ ကျုပ်တို့တွေ အလွယ်တကူ ဖြစ်သလို အမှိုက်ပစ်နိုင်ကြတာ၊ ပြောရမယ်ဆိုရင် ဦးပြောင်ကြီးရဲ့ ကျေးဇူးတရားတွေ ကျုပ်တို့အပေါ်မှာ တပုံကြီး။ ကျုပ်ကိုယ်တိုင်လည်း ခပ်ဝေးဝေးသွားပြီး အမှိုက်မပစ်ချင်ဘူး။ ပျင်းတယ်ဗျ။"

ဦးပြောင်ကြီး၏ မျက်နှာမှာ ပြောင်သထက် ပြောင်လာလေတော့သည်။

"ဒါကြောင့် ဒီအမှိုက်ပုံကြီးမှာ ဒီအတိုင်းဆက်လက်ပြီး အမှိုက်ပစ်သွားကြဖို့ ကျုပ်ဆုံးဖြတ်တယ်။ နောက်ပြီး ဦးတိုးတက်တို့ကို ကျုပ်မေတ္တာရပ်ခံချင်တာက ကျုပ်တို့ကို ငတုံးတွေ၊ ငပျင်းတွေ၊ ငအတွေလို မပြောပါနဲ့ မဆဲပါနဲ့၊ မှန်တာပြောရင် သည်းမခံနိုင်လို့ပါ။ ကျုပ်တို့ကသာ ခင်ဗျားတို့ကို ဆဲပါရစေ အဟီး"

"ဟေး" ခနဲ့ ဝမ်းသာအားရစွာ အော်ဟစ်ကြလျှက် ရွာသူရွာသားများက လက်ခုပ်လက်ဝါးတီးကာ ဦးလေအိုးကို ထောက်ခံကြလေတော့သည်။

မိမိတို့ ကြိုးပမ်းသလို ဖြစ်မလာသဖြင့် ဦးတိုးတက်တို့ လူစုမှာ ရွာပြင်ထွက်ကာ စုဖွဲ့နေထိုင်ကြလေတော့သည်။

(၃)

"ဟိတ် လာကြည့်ကြစမ်း။ ဘယ်ကောင့်လက်ချက်မှန်းလည်း မသိဘူး"
"လူပျင်းကြီးများရွာ ..တဲ့"
"အောင်မာ ငါတို့ လူကြီးမင်းတွေကိုများ လူပျင်းကြီးများတဲ့ ပြောရက်လိုက်တာ"
"ဟို အလကား လူသန့်တွေလက်ချက်ပဲ နေမှာပေါ့ ငါတို့ရွာနာမည်ကို ပြောင်းရေးသွားတာ"
"@%#$%@#$^@$$%@#$%!^^#$"

ထိုအခါမှစ၍ လူကြီးမင်းများရွာအမည်ပျောက်၍ လူပျင်းကြီးများရွာဟူ၍ အမည်တွင်သွားလေ၏။

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)