ခေါင်းပန်းလှန်သူများ (၁)


ဟိုးတစ်လောက ပိုက်ဆံတစ်သောင်းတန်အတု ကျနော်လက်ခံမိတဲ့အကြောင်း G+ ပေါ်တင်လိုက်သေးတယ်။ အဲ့ဒီကိစ္စက အဲ့ဒီမှာတင်ပဲ ပြီးသွားပြီထင်နေတာ ...။

ကျနော့်အမေက နှမြောတတ်တယ်။ အရင်က ကျနော်တို့ မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေက တော်တော်ဆိုးခဲ့ဖူးတာဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အမေနှမြောတတ်တာ အပြစ်တော့ မဆိုသာဘူး။ ဒီတော့ ကျနော် ပိုက်ဆံတစ်သောင်းအတု လက်ခံမိတယ်လည်းဆိုရော အမေ့မှာ မခံချိ မခံသာဖြစ်ရော။

"မရဘူး ... ဒီပိုက်ဆံအတုကို ငါပြန်သုံးမှာ၊ ဒီအတိုင်း ပိုက်ဆံတွေကြားညပ်ပြီး ပေးရင် သူများတွေ မသိလောက်ပါဘူး"
"အာ .. အမေကလည်း၊ မလုပ်ကောင်းပါဘူးဗျာ။ ကျနော်တို့ ခံရသလို သူများလည်း အဲ့လိုခံရအောင် မလုပ်ပါနဲ့"
"နောက်ပြီး အမေ ဒီပိုက်ဆံကို သုံးလိုက်ပါပြီတဲ့၊ သူများက မသိဘဲ လက်ခံလိုက်ပါပြီတဲ့။ တစ်နေ့ ကျနော်တို့ဆီ ပြန်ရောက်မလာနိုင်ဘူးလို့ အမေထင်သလား"
ဒီလိုနဲ့ အဲ့ပိုက်ဆံအတုကို စားပွဲအံဆွဲထဲမှာ ဒီအတိုင်းထည့်ထားလိုက်တယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ကျနော်တို့ သားအမိနှစ်ယောက်သား ညစာစားပြီးခါစအချိန်မှာ အမေ့ရဲ့သူငယ်ချင်း အိမ်ရောက်လာတယ်။ သူငယ်ချင်းနှစ်ယောက်သား တီးတိုးတီးတိုးနဲ့ ဘာတွေပြောနေမှန်း မသိဘူး။ ကျနော်ကြားမိလိုက်တာဆိုလို့ အမေ့သူငယ်ချင်းက "အားနာပါတယ် အစ်မရယ်" ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ပြောနေတာပဲ။ ပြီးတော့ ပိုက်ဆံတစ်သောင်းတန်တွေ ထုတ်လာပြီး ကျနော့်ကို စစ်ခိုင်းတယ်။ ကျနော်ကလည်း ပိုက်ဆံအတုလက်ခံမိကတည်းက အစစ်နဲ့အတု ခွဲခြားပုံကို လေ့လာထားတာဆိုတော့ သေချာစစ်ပေးလိုက်တယ်။

"အန်တီ့ပိုက်ဆံက အစစ်တွေပါ"
"ဟုတ်လား ... တော်သေးတာပေါ့"
"အန်တီအတုမြင်ချင်ရင် ကျနော့်မှာ တစ်ရွက်ရှိထားတယ်"
"ရပါပြီ ... ကြည့်လဲ အန်တီမခွဲတတ်ပါဘူး"

သိပ်မကြာခင်မှာပဲ အမေ့သူငယ်ချင်းပြန်သွားတယ်။ အဲ့ဒီမှာ ကျနော့်ကို အမေပြောလိုက်တဲ့ စကားကြောင့် ကျနော် အံ့ဩသွားတယ်။ ကျနော့်ဆီရောက်နေတဲ့ ပိုက်ဆံတစ်သောင်းတန်အတုကို ပေးခဲ့တဲ့လူက အခုပြန်သွားတဲ့ အမေ့သူငယ်ချင်းတဲ့ ...။ အခုအိမ်ကိုလာတာ အဲ့ပိုက်ဆံတစ်သောင်းတန်အတုကို ပြန်လာလဲပေးသွားတာတဲ့။

ဖြစ်ပုံက ဒီလိုပါ။ အမေ့သူငယ်ချင်းက တစ်ခါတစ်လေ ပိုက်ဆံအရေးပေါ်လိုတဲ့အချိန်ဆို အမေ့ကို အကူအညီလာတောင်းလေ့ရှိတယ်။ ဒီအခါ အမေက သူ့မှာရှိရင် ချေးပေးသလို သူ့မှာမရှိထားရင်တော့ တခြားအသိတစ်ယောက်ဆီက ယူပေးလေ့ရှိတယ်။ အမေ့ရဲ့ အကျင့်တစ်ခုက သူများပိုက်ဆံလာချေးရင် သူ့မှာမရှိဘူး၊ တခြားလူဆီကနေ ငါချေးပေးကြည့်မယ်လို့ ညာပြောပြီး သူ့ကိုယ်ပိုင်ပိုက်ဆံပဲ ချေးပေးတတ်တယ်။ အဆင်ပြေတဲ့အချိန် ပြန်လာဆပ်တယ်ပေါ့။ ဖြစ်ချင်တော့ အမေ့သူငယ်ချင်း ပိုက်ဆံပြန်လာဆပ်တော့ သူပေးတဲ့ ပိုက်ဆံထဲမှာ ပိုက်ဆံတစ်သောင်းတန်အတုက ပါလာတာ။ ကျနော်တို့ မသိလိုက်ဘူး။ လကုန်တော့ စုကြေးထည့်တဲ့အခါ စုကြေးဒိုင်ကိုင်တဲ့လူက ကျနော်တို့ထည့်တဲ့ စုကြေးပိုက်ဆံထဲမှာ တစ်သောင်းတန်အတုပါတယ်ဆိုပြီး ပြန်လာပေးတော့တာပဲ။ ကျနော်ထင်တာက ကျနော့်ဆိုင်ကနေ အဲ့ပိုက်ဆံအတုကို ရလာတာများလားပေါ့။

တစ်နေ့တော့ အမေနဲ့ အမေ့သူငယ်ချင်း စကားလက်စုံကျနေရင်းနဲ့ ပိုက်ဆံအတုအကြောင်းရောက်သွားတယ်။ အမေက သူ့ဆီမှာ ဘယ်သူ့လက်ချက်မှန်းမသိတဲ့ ပိုက်ဆံတစ်သောင်းတန်အတုတစ်ရွက် လက်ခံမိထားတယ်ပြောလိုက်မိတယ်။ အဲ့ဒီညမှာပဲ အပေါ်မှာ ပြောခဲ့သလို အမေ့သူငယ်ချင်းက ပိုက်ဆံအတုကို ပေးခဲ့တဲ့လူက သူပဲဖြစ်ကြောင်း လာဝန်ခံပြီး တောင်းပန်တယ်။ အမှန်က အဲ့ပိုက်ဆံအတုကို အမေ့ကို ပေးဖို့ရည်ရွယ်ခဲ့တာ မဟုတ်ကြောင်း၊ အမေ့အသိဆီက ချေးယူထားတဲ့ ပိုက်ဆံကိုပြန်ဆပ်တော့ အဲ့ပိုက်ဆံအတုကို ရောညပ်ပေးခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။ ဖြစ်ချင်တော့ အမေက သူ့အသိဆီက ချေးပြီးပေးလိုက်တာဆိုပြီး ညာပြောလိုက်တာကိုး။

ဒီလိုနဲ့ နောက်နှစ်ရက်လောက်အကြာမှာ အမေ့သူငယ်ချင်းက သူ့ပိုက်ဆံတစ်သောင်းတန်အတုကို တခြားသူဆီ ပြန်သုံးလိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ လာပြောသွားတယ်။ ကျနော့်မှာတော့ ပိုက်ဆံအတုကို ပြန်သုံးလိုက်နိုင်တဲ့ အမေ့သူငယ်ချင်းအတွက်ပဲ ဝမ်းသာပေးရမလား၊ ကံဆိုးပြီး ပိုက်ဆံအတုလက်ခံမိလိုက်တဲ့ လူတစ်ယောက်အတွက်ပဲ စိတ်မကောင်းဖြစ်ရမလား မဝေခွဲတတ်တော့ဘူး။ သေချာတာတော့ အဲ့ဒီနေ့က လူတစ်ယောက် ပျော်ရွှင်ဖို့အတွက် လူတစ်ယောက်ဝမ်းနည်းပေးလိုက်တယ်။

ငထွန်း(Clicker)

Comments

  1. ကျွန်တော်လည်း ကုသိုလ်နည်းနည်းယူလိုက်သေးတယ်.. ထိုင်းဘက်ကဆိုပြီး

    ReplyDelete
    Replies
    1. အဲ့ကတည်းက ပိုက်ဆံဆို သေချာစစ်ယူနေရတယ် 😀

      Delete
  2. ပို့(စ်) အသစ်လေးတွေတင်ပါဦးဗျာ

    ReplyDelete
    Replies
    1. ရေးစရာတော့ နှစ်ပုဒ်လောက်ရှိတယ်ဗျ၊ ဈာန်မဝင်သေးလို့ မရေးသေးတာ။ 😂😂

      Delete
  3. ထပ်ခါထပ်ခါဖတ်လျှက်

    ReplyDelete

Post a Comment

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)