ကျနော်တို့ခြံထဲက ကြက်များအကြောင်း

ကျနော်တို့ခြံထဲမှာ မွေးမြူထားတဲ့ ကြက်တွေ ၆ ကောင်၊ ၇ကောင်လောက် ရှိပါတယ်။ အဲ့ထဲမှာမှ ကြက်ဖနှစ်ကောင်တည်းပါပြီး ကျန်တာ ကြက်မတွေချည်းပါ။ ရှိတဲ့ ကြက်ဖနှစ်ကောင်ထဲမှာ တစ်ကောင်က အခုမှ အရွယ်ရောက်စရှိတုန်းဆိုတော့ ကျန်တဲ့ ကြက်ဖကြီးက ခြံထဲက ကြက်မကြီးတွေရဲ့ နှင်းဆီခိုင်ပဲ ဆိုပါတော့။

ငယ်ငယ်တုန်းကတော့ ကြက်သားဟင်းစားရတဲ့အခါ ကြက်ရဲ့ နှလုံးပိစိကွေးလေးနဲ့ ဦးနှောက်ပိစိကွေးလေးကို အတော်ကြိုက်ခဲ့ဖူးတယ်။ စိတ်ထဲမှာတော့ ဒီကြက်တွေမှာ ဦးနှောက်နဲ့ နှလုံးသားပါပေမဲ့ တွေးတော ခံစားတတ်ပုံလည်း မရဘူးလို့ ထင်ခဲ့တယ်။ သူတို့ဘာသာ ခြံထဲမှာ အစာရှာစားမယ်။ ဥချိန်တန် ဥမယ်။ တွန်ချင်တဲ့အချိန် ထတွန်မယ်၊ ဘာမှ စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်ထင်သလို မဟုတ်ပါဘူး။ ကြက်တွေမှာလည်း တစ်ခါတစ်လေ ကျနော်တို့ လူတွေမှာ ချို့တဲ့တတ်တဲ့ 'တာဝန်ယူမှု'၊ 'ဖေးမစောင့်ရှောက်မှု' တွေ ရှိပါတယ်။

ဆိုပါတော့ ကြက်မကြီးတွေဟာ ဥဝပ်တဲ့အချိန်ဆို သူတို့အနားကပ်တာ သိပ်မကြိုက်ပါဘူး။ ကြက်ကလေးတွေ ပေါက်လာတဲ့အခါကျရင်လည်း သူ့ကလေးတွေကို ရန်ပြုမယ်ထင်ရင် လိုက်ဆိတ်တတ်သေးတယ်၊ ကြက်ကလေးတွေကို ကြက်မေမေကြီးက ဦးဆောင်ပြီး အစာရှာထွက်တယ်။ ကြက်ပေါက်လေးတစ်ကောင်ကောင်ကများ နောက်မှာ တကျွိကျွိအော်ပြီး ကျန်ခဲ့ရင် ကြက်မကြီးက ပြန်လိုက်ခေါ်တတ်သေးတယ်။ ဒါက လူတော်တော်များများ သိပြီးသားပါ။

တလောတုန်းက ကျနော်တို့ခြံထဲက ကြက်မကြီးတစ်ကောင်နဲ့ သူ့ရဲ့ လင်တော်မောင် ကြက်ဖကြီးက လူတွေလစ်တုန်း ကျနော်တို့ဧည့်ခန်းထဲက ဘုရားစင်ပေါ်တက်ပြီး ကြက်မကြီး ဥ, ဥဖို့ ဝပ်ကျင်းလိုက်ရှာလို့ မောင်းထုတ်ရသေးတယ်။ ဘယ့်နှယ် .. ရာရာစစ ဘုရားစင်ပေါ်တက်ပြီး ဥ, ဥဖို့ နေရာရှာရတယ်လို့။

အဲ့ဒီမှာ ကျနော် သတိထားလိုက်မိတာက ကြက်ဖကြီးကိုပါ။ ကြက်မကြီး ဥ, ဥဖို့အရေး သူက ဘေးကနေ 'ကွိကွိကော်ကော်' အော်ပြီး ဘာလိုက်လုပ်တာလဲပေါ့။ အဲ့ဒါ အမေ့ကို မေးကြည့်တော့ ကြက်ဖကြီးက သူ့မဟေသီ ကြက်မကြီးအတွက် ဥ, ဥဖို့ ဝပ်ကျင်းကူရှာပေးတာတဲ့ဗျာ။ ကျနော့်မှာ အသံထွက်ပြီး တဟီးဟီးနဲ့ ရယ်မိလိုက်တယ်။ ဟုတ်လို့လား အမေရာ ဒီကြက်ဖကြီးက အဲ့လောက် သိတတ်လို့လားလို့ အမေကို မယုံသင်္ကာနဲ့ ကျနော် ပြန်ပြောဖြစ်သေးတယ်။

သေချာ သတိထားစောင့်ကြည့်လိုက်တော့ အဟုတ်ဗျ။ ကြက်ဖကြီးက ဦးဆောင်ပြီး ကြက်မကြီးအတွက် ဥ, ဥဖို့ ဝပ်ကျင်းလိုက်ရှာပေးတာ။ 'ကွိကွိကော်ကော်'အော်ပြီး ဟိုနေရာပေါ်တက်လိုက် ခြေနဲ့ ယက်လိုက်၊ ဒီနေရာပေါ်တက်လိုက် ကြက်မကြီးကို သူကိုယ်တိုင် ထိုင်ပြီး ဝပ်ပြလိုက်နဲ့ နှစ်ကောင်သား အလုပ်တွေ ရှုပ်နေကြတာ။ လူလစ်တာနဲ့ ဘုရားစင်ပေါ်တက်လာလို့ မောင်းထုတ်နေရသေးတယ်(ကြည့်ရတာ ဘုရားစင်ပေါ်မှာ ဥ, ဥဖို့ စီစဉ်ထားပုံပဲ)။

ကြက်ဖကြီးက အဲ့ကြက်မကြီးတစ်ကောင်တည်းအတွက်ပဲ အဲ့လို ဝပ်ကျင်းကူးရှာပေးတာလားဆိုတော့ မဟုတ်ဘူးဗျ။ ကျန်တဲ့ တခြားကြက်မတွေ ဥ, ဥတော့မယ်ဆိုရင်လည်း ခင်ပွန်းကောင် ပီသစွာနဲ့ကို ဥကျင်းလိုက်ကူရှာပေးတာ။ ကြက်မတွေက ဥတစ်လုံး ဥပြီးတဲ့အခါတိုင်း 'ကတော် ကတော်' ဆိုပြီး အသံအကျယ်ကြီးနဲ့ အော်လေ့ရှိတယ်(ဟေး .. ငါ ဥတစ်လုံး ဥလိုက်နိုင်ပြီကွလို့များ ကြုံးဝါးတာလား မသိဘူး)။ အဲ့အခါကျရင် ကြက်ဖကြီးကလည်း ကွိကွိကော်ကော် အော်ပြီး ရောက်လာတတ်တယ်။

ကျနော်အတွက်တော့ ကြက်တွေရဲ့ အဲ့လို အပြုအမူက တကယ့်ကို အထူးအဆန်းပါ၊ သဘောကျဖို့လည်း ကောင်းတယ်။ တစ်ခါမှ အဲ့လိုကြက်တွေရဲ့ အပြုအမူကို သတိမထားမိခဲ့ဘူး။ အထက်မှာ ဆိုခဲ့သလို ကြက်တွေမှာ ဦးနှောက်နဲ့ နှလုံးသား ပါပေမဲ့ တွေးတော ခံစားတတ်ပုံ မရဘူးလို့ ကျနော်ထင်ခဲ့တာပါ။ ဒါပေမဲ့ ကျနော့်အထင်တွေ မှားသွားပါတယ်။ တကယ်တော့ ကျနော်တို့ လူတွေမှာတောင်မှ ဦးနှောက်နဲ့ နှလုံးသားရှိပေမဲ့ ခံစားချက်မဲ့တဲ့ လူတွေရှိပါတယ်။

အဲ့ဒီ ကြက်ဖကြီးကြောင့်ပဲ ကျနော် လိုင်ဇာမြို့မှာ အလုပ်လုပ်တုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ်။

တစ်နေ့မှာ ကျနော်တို့ ဆိုင်သိမ်းပြီးလို့ အိပ်တော့မဲ့အချိန်မှာ ကျနော်တို့ဆိုင်နဲ့ မျက်နှာချင်းဆိုင် လမ်းဘေးမှာ ကောင်မလေးတစ်ယောက် လဲကျနေတဲ့အကြောင်း ကြားလိုက်ရတယ်။ ဆောင်းတွင်းကြီးဆိုတော့ အေးက အေးပါဘိနဲ့ ဘယ်သူများပါလိမ့်ပေါ့။

ပြီးမှ သိလိုက်ရတာက ကျနော့်အစ်ကို သူငယ်ချင်းရဲ့ မိန်းမပါ။ ခပ်ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့ကောင်မလေးက အိမ်ထောင်ရေး ကံမကောင်းပါဘူး။ အိမ်ထောင်ကျပြီး သိပ်မကြာပါဘူး ယောကျ်ားဖြစ်သူ သစ္စာမရှိလို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့ မိန်းကလေးပါ။ အဲ့ဒီညကလည်း သူ့အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် လမ်းဘေးမှာ လဲကျနေတာပါ(လိုင်ဇာမှာ အဲ့မိန်းကလေးရဲ့ မိဘ၊ ဆွေမျိုးတစ်ယောက်မှ မရှိပါဘူး)။

အဲ့မိန်းကလေးရဲ့ ယောကျ်ားဖြစ်သူ ကျနော့်အစ်ကိုရဲ့ သူငယ်ချင်းကလည်း ခပ်ငယ်ငယ်ပဲ ရှိပါသေးတယ်။ မိန်းမကိစ္စအတော်ဝါသနာပါတဲ့လူပါ။ အိမ်ထောင်ကျပြီး သိပ်မကြာဘူး သူ့မိန်းမကို ဂရုမစိုက်တော့ဘဲ တခြားမိန်းကလေးနဲ့ ဖောက်ပြန်နေရော။ သူ့ဘာသာ နေချင်သလို နေပြီး သူလက်ထပ်ယူခဲ့တဲ့ မိန်းကလေးကို လုံးဝ ဥပက္ခာပြုထားပါတော့တယ်။

သူ့အစ်ကိုဖြစ်သူတွေ၊ သူငယ်ချင်းတွေက အဲ့လိုမလုပ်ဖို့ ဝိုင်းပြောကြပေမဲ့ သူကတော့ ဂရုမစိုက်ပါဘူး။ သူနေချင်သလို နေမြဲ နေဆဲပါပဲ။

ဒီလိုလူမျိုးတွေ ကျနော်တို့ ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။ အတော်ကို ယုတ်မာပြီး ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းသူတွေပါ။

သူတို့မှာ ဦးနှောက်ကြီးကြီးနဲ့ နှလုံးသားကြီးကြီး (ရှိကောင်း)ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော့်ခြံထဲက ကြက်ဖကြီးရဲ့ ဦးနှောက်နဲ့ နှလုံးသား ပိစိကွေးလောက်တော့ အနှစ်သာရ ရှိလိမ့်မည် မထင် ...။။

Clicker Nux(ငထွန်း)

Comments

  1. မှန်တယ်လို့ ထောက်ခံပါရစေဗျာ..။

    ReplyDelete

Post a Comment

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)