ရွာတစ်ရွာအကြောင်း

တစ်ခါက အတွင်းခံဘောင်းဘီမဝတ်တဲ့ ရွာတစ်ရွာရှိတယ်။ သူတို့အတွက် အတွင်းခံဘောင်းဘီဆိုတာ အပိုအဝတ်လို့ သတ်မှတ်ထားကြတယ်၊ လွတ်လပ်မှုမရှိဘူးလို့ ခံယူထားကြတယ်၊ နောက်ပြီး အတွင်းခံဘောင်းဘီဝတ်တာဟာ မသန့်ရှင်းဘူးဆိုပြီး .... အူကြောင်ကြောင် တွေးထင်ထားတဲ့အတွက် ဘယ်ရွာသူ၊ ရွာသားကမှ အတွင်းခံဘောင်းဘီ မဝတ်ကြပါဘူး။

တစ်နေ့တော့ အဲ့ဒီရွာကို အပျော်တမ်းခရီးထွက်လာသူတွေ ရောက်လာတယ်။ ရွာသူရွာသားတွေကို တွေ့တော့ အံ့အားသင့်သွားကြတယ်၊ သဘာဝ ဖရီးစတိုင်လ် တွေနဲ့ အတွင်းခံမဝတ်တဲ့ အဲ့ဒီရွာက လူတွေကို သူတို့တွေ မေးမြန်းစပ်စုကြတယ်။ ဘာကြောင့် အတွင်းခံမဝတ်ကြတာလည်းပေါ့။


ဒီတော့ ရွာသူရွာသားတွေကလည်း သူတို့ရဲ့ အတွင်းခံဘောင်းဘီတို မဝတ်ရခြင်းဒဿနတွေကို ဟောကြားရတာပေါ့။ အတွင်းခံဘောင်းဘီဝတ်ရတာ သူတို့အတွက် အပိုအလုပ် တစ်ခုဖြစ်ကြောင်း၊  ထိုတစ်ထွာတစ်မိုက်ခန့်မျှသော ဘောင်းဘီတိုဝတ်ထားသည့်အတွက် မလွတ်လပ်ကြောင်း၊ ပူအိုက်ကြောင်း၊ နောက်ပြီး မိမိတို့ သဘာဝအတိုင်း နေရခြင်းသည် သန့်ရှင်းသည်ဟု ယူဆသည့်အတွက် မဝတ်ကြောင်း စသဖြင့် ဧည့်သည်ခရီးသွားတွေကို ရှင်းပြရှာပါတယ်။

အဲ့လိုပြောတာကြားတော့ ခရီးသွားလူတွေက ရွာသူရွာသားတွေကို သနားသွားတယ်၊ တောကြိုအုံကြားမှာနေပြီး အသိဉာဏ်အလွန်ခေါင်တဲ့ အဲ့ဒီရွာကလူတွေကို ပညာပေးဟောပြောဖို့ ဆုံးဖြတ်လိုက်ကျတယ်။

ဒီလိုနဲ့ ခရီးသွားလူတွေဟာ အတွင်းခံဘောင်းဘီဝတ်ရခြင်း အကျိုးကျေးဇူးတွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ပညာပေးဟောပြောရတော့တာပေါ့။ အတွင်းခံဝတ်သည့်အတွက် လုံခြုံကြောင်း၊ နွေးထွေးကြောင်း၊ အလွန်သန့်ရှင်းကြောင်း စသဖြင့် ဘာညာကွိကွ ပြောပြရတာပေါ့။ ပြီးတော့ သူတို့မှာ ပါလာတဲ့ အတွင်းခံဘောင်းဘီတိုလေးတွေကို ရွာသူရွာသားတွေကို စမ်းဝတ်ကြဖို့ဝေမျှပေးလိုက်တယ်။

ဒါနဲ့ ရွာသားတွေကလည်း ခရီးသွားဧည့်သည်တွေရဲ့စကားအတိုင်း အတွင်းခံဘောင်းဘီတို စမ်းဝတ်ကြည့်ကြတယ်။

အဲ့လို ဝတ်ထားချိန်မှာ သူတို့တွေ ကျန်းမာရေးကိစ္စအရေးတကြီးဖြေရှင်းဖို့ လိုအပ်လာတယ်။ တောရွာထုံးစံအတိုင်း ခြုံပုတ်တွေကြားထဲမှာ ကိစ္စသွားရှင်းကြတယ်။

အဲ့ဒီမှာ သူတို့ဟာ ဝတ်လေ့ဝတ်ထ မရှိတဲ့ အတွင်းခံဘောင်းဘီတိုလေးကို ချွတ်ဖို့မေ့သွားတယ်၊ အတွင်းခံဝတ်ထားရင်းနဲ့ပဲ ကိစ္စထိုင်ရှင်းလိုက်တယ်။ ကိစ္စပြီးလို့ သူတို့စွန့်ထားတဲ့ အညစ်အကျေးကို မြေကြီးတွေနဲ့ဖုံးဖို့ ကြည့်လိုက်တဲ့အခါမှာတော့ သူတို့တွေ အံ့ဩသွားတယ်။ ဟာ...... ဧည့်သည်ခရီးသွားတွေရဲ့စကား တကယ်မှန်တာပဲ၊ ကြည့်စမ်း .... အင်အင်းပါထားတာ အနံ့ပဲထွက်ပြီး ဘာမှမကျန်ပါလား၊ အရမ်းကိုသန့်ရှင်းတာပဲ ဆိုပြီး အတွင်းခံဘောင်းဘီကို အထင်ကြီးသွားကြတယ်။ သဘောကျသွားတယ်။

အဲ့ဒီလို ကိစ္စဖြေရှင်းပြီးလို့ ဘောင်းဘီတိုလေးကို သဘောကျကြည်နှုးနေရင်း ထိုင်ချလိုက်တဲ့အခါမှာ ပိုပြီးအံ့ဩသွားပြန်တယ်။ .... ဟားဟား ... ဒီဘောင်းဘီတိုက တကယ့်ကို နွေးတာပဲ။

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)