မျက်စိတစ်ဖက်လပ်နေတဲ့ အမေ

ကျွန်တော့်အမေက မျက်စိတစ်ဖက်လပ်နေတဲ့ အမျိုးသမီးကြီးပါ။ ဒါကြောင့်ပဲ အမေ့ကို ကျွန်တော်မုန်းမိတာပေါ့။

အမေက ကျောင်းမှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ထမင်းဟင်းချက်ကြွေးရတဲ့ အလုပ်လုပ်ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော်ရှိရာ စာသင်ခန်းဆီ အမေလာပြီး ကျွန်တော့်ကို ကြည့်တယ်လေ။ ကျွန်တော်အဆင်ပြေ မပြေသိချင်လို့ နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာဖြင့် ရှက်လိုက်တာဗျာ .... အမေမို့ ဒီလိုပုံစံနဲ့ လာကြည့်ရက်တယ်။ ကျွန်တော်ကတော့ အမေ့ကို အရေးမလုပ်ပါဘူး။ ပြီးတော့ အမေ့ကို မုန်းမုန်းတီးတီးကြည့်ပြီး ကျွန်တော် လှည့်ထွက်ခဲ့တာပေါ့။

နောက်နေ့ ကျောင်းစာသင်ခန်းထဲ ရောက်တော့ အတန်းဖော် သူငယ်ချင်းတစ်ယောက်ကပြောတယ်
"ဟားဟား ..... သူ့အမေက မျက်လုံးတစ်ဖက်တည်း ရှိတယ်ကွ"
ကျွန်တော်တော့ ရှက်လွန်းလို့ ကိုယ့်ကိုယ်သာ မြေမြုပ်သင်္ဂြိုလ်လိုက်ချင်တော့တယ်။ ပြီးတော့ အမေ့ကိုလည်း မရှိစေချင်တော့ဘူး။

အဲ့ဒီနေ့က အမေ့ကို ကျွန်တော်ရင်ဆိုင်တွေ့ပြီး ပြောပစ်လိုက်တယ်
"အမေက ကျွန်တော့်ကို သူများတွေလှောင်ပြောင်ဟားတိုက်အောင် လုပ်နေတာပဲ၊ အမေ ဘာလို့ မသေသေးရတာလဲဗျာ ...."

အမေကတော့ ဘာတစ်ခွန်းမှ ပြန်မပြောရှာပါဘူး။ ကျွန်တော်ကတော့ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ပတ်သက်ပြီး တစ်စက္ကန့်လေးတောင် ပြန်ပြီး ဆင်ခြင်သုံးသပ်မနေပါဘူး။ အဲ့ဒီအချိန်က ကျွန်တော် ရှက်ရှက်နဲ့ ဒေါသထွက်နေခဲ့တာပေါ့။

ဒီလိုနဲ့ အဲ့ဒီအိမ်ကနေ ကျွန်တော်ထွက်ခဲ့တယ်။ အမေနဲ့လည်း မနေချင်တော့ဘူးလေ။ ပြီးတော့ ကျွန်တော်စာအရမ်းကြိုးစားခဲ့တယ်၊ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ပညာတော်သင်သွားရတာပေါ့။

နောက်တော့ ကျွန်တော်အိမ်ထောင်ကျတယ်။ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်တယ်။ သားသားမီးမီးတွေနဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ကျွန်တော် ပိုင်ဆိုင်ခဲ့တာပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော့်ဆီ အမေအလည်လာပါတယ်။ အမေ ကျွန်တော့်နဲ့ မတွေ့ဖြစ်တာ နှစ်တွေအတော်ကြာပြီလေ။ ပြီးတော့ သူ့မြေးတွေကိုလည်း မမြင်ဖူးသေးဘူး။

အမေ ကျွန်တော့်အိမ်တံခါးရှေ့မှာ ရပ်နေတဲ့အချိန်မှာ ကျွန်တော့်ကလေးတွေက မျက်စိတစ်ဖက်လပ်နဲ့ အမေ့ကိုကြည့်ပြီး ရယ်နေကြလေရဲ့။ ပြီးတော့ မဖိတ်ခေါ်ဘဲ ကျွန်တော့်ဆီရောက်လာတဲ့အတွက်လဲ အမေ့ကို ကျွန်တော်ဆူပူလိုက်တယ်။
"အမေ ဘာကြောင့် ကျွန်တော့်ဆီ လာရတာလဲ.... ဟော ကြည့် ကျွန်တော့်ကလေးတွေ အမေ့ကို ကြောက်ကုန်ကြပြီ၊ သွား .... အခုချက်ခြင်း ထွက်သွားတော့"

အမေကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြန်ပြောတယ်
"အဒေါ် တောင်းပန်ပါတယ် ငါ့တူရယ် .... အဒေါ် အိမ်လိပ်စာ မှားယူလာလို့ပါ" ဆိုပြီး အမေ ပြန်သွားတယ်။

တစ်နေ့မှာတော့ ကျွန်တော်ငယ်ငယ်က တက်ခဲ့ဖူးတဲ့ ကျောင်းမှာ ကျောင်းသားကျောင်းသူဟောင်းတွေ ပြန်တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဖိတ်စာတစ်စောင် ရောက်လာတယ်။ ဒီတော့ ကျွန်တော့်ဇနီးကို ကျွန်တော် အလုပ်ကိစ္စနဲ့ ခရီးထွက်စရာရှိကြောင်း ညာပြောလိုက်တယ်။

ကျောင်းသားကျောင်းသူဟောင်းတွေ့ဆုံပွဲပြီးတော့ ကျွန်တော်နေခဲ့ဖူးတဲ့ အိမ်ဖက်ကို သွားကြည့်ဖြစ်တယ်။ အဲ့ဒီက အိမ်နီးနားချင်းတွေက ကျွန်တော့် အမေ ဆုံးသွားပြီလို့ ပြောကြတယ်။ ကျွန်တော် မျက်ရည်တစ်ပေါက်တောင် မကျမိပါဘူး။

ပြီးတော့ အမေ ကျွန်တော့်အတွက် ချန်ထားခဲ့စာတစ်စောင်ကို ထုတ်ပေးကြတယ်။

"အမေချစ်ရတဲ့ သားရေ,

သားကို အမေ အမြဲတမ်း သတိရနေပါတယ်။ ဟိုတစ်နေ့က သားဆီကို အမေရောက်လာပြီး သားရဲ့ ကလေးတွေကို ကြောက်လန့်အောင် လုပ်မိတဲ့အတွက် အမေ တောင်းပန်ပါတယ်ကွယ်။

ကျောင်းသားကျောင်းသူဟောင်း ပြန်လည်တွေ့ဆုံပွဲကို သားလာမယ်ကြားတော့ အမေ အရမ်းကို ဝမ်းသာသွားတာပဲ။ ဒါပေမဲ့ သားကို ထွက်တွေ့ဖို့အတွက် အိပ်ယာထဲကနေတောင် အမေ မထနိုင်တော့ပါဘူး။ အမေကြောင့် သားဘဝတစ်လျှောက်လုံး အရှက်ရခဲ့တဲ့အတွက် အမေ အရမ်းကို ဝမ်းနည်းရပါတယ် သားရယ်၊ အမေတောင်းပန်ပါတယ်။

သားမှတ်မိမလားတော့ မသိဘူး။ သား ဟိုးငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် သားရဲ့ မျက်လုံးတစ်ဖက်ပျက်သွားတယ်လေ။ အမေတစ်ယောက်အနေနဲ့ ကိုယ့်သားလေး မျက်စိတစ်ဖက်လပ်နေမဲ့ အဖြစ်ကို ဘယ်ကြည့်ရက်မလဲ သားရယ်။ ဒါကြောင့်ပဲ အမေ့မျက်လုံးတစ်ဖက်ကို သားကို ပေးခဲ့တာပေါ့။

ငါ့သားလေးတစ်ယောက် အမေ့ရဲ့ကိုယ်စား အမေ့ရဲ့မျက်လုံးနဲ့ ကမ္ဘာလောကသစ်ကြီးကို မြင်တွေ့ခွင့်ရတဲ့အတွက် အမေ ဝမ်းသာကျေနပ်ပါတယ်ကွယ်။

ချစ်ခြင်းမေတ္တာများစွာဖြင့်,

အမေ"

(My mom only had one eye ကို မြန်မာပြန်ပါသည်။ မူရင်းရေးသားသူအမည် မပါသဖြင့် မဖော်ပြနိုင်သည့်အတွက် တောင်းပန်ပါသည်။)

ငထွန်း(Clicker)


Comments


  1. ပညာဗဟုသုတရပါတယ်
    ဆက်လက်အားပေးနေပါမယ်ေနာ်

    ReplyDelete

Post a Comment

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး

ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)