ဂဏန်းတို့၏ လှည့်ကွက်ဆန်းများ(၁)

ကျွန်တော်ကိုးတန်းကျောင်းသားဘဝက အတန်းဖော်သူငယ်ချင်းယူလာတဲ့ စာအုပ်တစ်အုပ်ကနေ ထူးဆန်းတဲ့ ဂဏန်းတွက်နည်းလေးတစ်ခုကို ဖတ်မှတ်ခဲ့ရတယ်။ အဲ့ဒီဂဏန်းတွက်နည်းကို ရသေ့စိတ်ဖြေဗေဒင်လို့ စာအုပ်ထဲမှာ ဆိုထားတယ်။ ရသေ့တွေဟာ လူသူကင်းဝေးရာ တောတောင်တွေထဲမှာ တရားကျင့်ကြံနေထိုင်တဲ့အခါ စိတ်အာရုံမပျံ့လွင့်ရလေအောင် ဒီဂဏန်းတွက်နည်းလေးကို တွက်လေ့ရှိတယ်လို့ ဆိုထားတယ်။ တကယ်ဟုတ် မဟုတ်တော့ ကျွန်တော်လည်းမသိပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒီဂဏန်းတွက်နည်းလေးဟာ ရသေ့စိတ်ဖြေဗေဒင်ကနေ ကျောင်းသားစိတ်ဖြေဗေဒင်အဖြစ် ကျောင်းတက်ရတဲ့ နေ့ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူ စိတ်အပန်းဖြေစရာ ဂဏန်းတွက်နည်းလေးတစ်ခုဖြစ်လာခဲ့တယ်။


ဒီဂဏန်းတွက်နည်းလေးနဲ့ သင့်သူငယ်ချင်းရဲ့ အိမ်မှာရှိတဲ့ လူဦးရေ၊ သင့်သူငယ်ချင်းရဲ့ အသက်၊ မွေးရက်၊ မွေးလ စသဖြင့် သင်သိလိုရာကို သိခွင့်ရနိုင်စေမှာဖြစ်တယ်။ ဂဏန်းတွက်နည်းလို့ဆိုထားတဲ့အတွက် တွက်ချက်မှုကို သင်ကိုယ်တိုင်လုပ်စရာမလိုပါ၊ သင့်သူငယ်ချင်းကို တွက်ခိုင်းရမှာဖြစ်ပါတယ်၊ တွက်လို့ရလာတဲ့ အဖြေကို သင်ကကြည့်ပြီး သင့်သူငယ်ချင်းရဲ့ အသက်နဲ့ အိမ်မှာရှိတဲ့ လူဦးရေ စသည်တို့ကို ဒက်ထိမှန်အောင် ဟောစာတမ်းထုတ်ရမှာဖြစ်ပါတယ်။

ဥပမာ − ဆိုကြပါစို့ ... သင်က မောင်ဖြူရဲ့ မွေးရက်နဲ့ အိမ်မှာရှိတဲ့ လူဦးရေကို သိချင်တယ်ဆိုရင် မောင်ဖြူကို ဂဏန်းတွက်ချက်မှုတစ်ခုလုပ်ခိုင်းရမှာဖြစ်ပါတယ်။ မောင်ဖြူဂဏန်းတွက်နေစဉ်အတွင်း သင်မကြည့်ရပါ။ တွက်ချက်၍ရလာသော ရလဒ်ကိုသာ သင့်အားပြပါစေ။

တွက်ချက်မှုစတင်ခြင်းအဖြစ် မောင်ဖြူကို သူ၏မွေးရက်ကို ၂ဖြင့် မြှောက်ခိုင်းပါ။ ပြီးလျှင် ထပ်မံ၍ ၅ ပေါင်းခိုင်းပါ။ ၅ ပေါင်း၍ရလာသော ရလဒ်ကို ၅၀ နှင့်မြှောက်ခိုင်းပါ။ ၅၀ဖြင့်မြှောက်၍ရလာသော ရလဒ်ကို ၃၆၅ နှင့် ပေါင်းခိုင်းပါ။ ပေါင်း၍ရလာသောရလဒ်ကို မောင်ဖြူ၏ အိမ်၌ရှိသော လူဦးရေဖြင့် ပေါင်းခိုင်းပါ။ ထိုသို့ ပေါင်း၍ရလာသော ရလဒ်ကို ၆၁၅ ဖြင့်နုတ်ခိုင်းပါ။ နုတ်၍ရလာသောရလဒ်ကို သင့်အားပြစေပါ။ ရလဒ်အဖြေရဲ့ ရှေ့ဂဏန်းဟာ မောင်ဖြူ၏ မွေးရက်ဖြစ်ပြီး နောက်ဂဏန်းဟာ မောင်ဖြူရဲ့ အိမ်မှာရှိတဲ့ လူဦးရေဖြစ်ပါတယ်။

မောင်ဖြူ၏ မွေးရက် = ၂၈ ၊ အိမ်၌ရှိသော လူဦးရေ = ၅

၂၈ x ၂ = ၅၆ + ၅ = ၆၁ x ၅၀ = ၃၀၅၀ + ၃၆၅ = ၃၄၁၅ + (အိမ်၌ရှိသော လူဦးရေ) = ၃၄၂၀ − ၆၁၅ = ၂၈၀၅ (နောက်ဆုံးရလဒ်)

နောက်ဆုံးရလဒ် ၂၈၀၅ မှာ ရှေ့ဆုံးဂဏန်းဖြစ်တဲ့ ၂၈ ဟာ မောင်ဖြူရဲ့ မွေးရက်ဖြစ်ပြီး နောက်ဂဏန်းဖြစ်တဲ့ ၀၅ မှာ မောင်ဖြူရဲ့ အိမ်မှာရှိတဲ့ လူဦးရေဖြစ်ပါတယ်။

ဒါကြောင့် ရလဒ်ကို သင်ကြည့်ပြီးလျှင် မောင်ဖြူကို "ဟရောင်... မင်းကိုမွေးတဲ့ ရက်က ၂၈ ရက်၊ မင်းအိမ်မှာရှိတဲ့ လူဦးရေက ၅ယောက်.... အဲ့ဒါမှန်သလား" ဟူ၍ ဆရာကြီးစတိုင်လ်နှင့် မှန်ကန်အောင် ပြောနိုင်ပါပြီ။

အပေါ်က ဥပမာမှာ မောင်ဖြူရဲ့ မွေးရက်နဲ့ အိမ်မှာရှိတဲ့ လူဦးရေကိုပဲ တွက်ပြထားတာပါ။ သင့်အနေနဲ့ သင့်သူငယ်ချင်းရဲ့ အသက်၊ ခုံနံပါတ် စသည်ဖြင့် ဉာဏ်ရှိသလို တွက်ခိုင်းနိုင်ပါတယ်။ နောက်ဆုံးရလဒ်အဖြေဟာ ဂဏန်းလေးလုံး(သို့မဟုတ်) သုံးလုံးဖြစ်နိုင်ပါတယ်။ အဖြေညှိရာမှာ ဂဏန်းလေးလုံးဆိုရင် ရှေ့ဆုံးဂဏန်းနှစ်လုံးဟာ တွက်ချက်မှုမှာ ပထမတည်တဲ့ ဂဏန်းဖြစ်ပါတယ်( မောင်ဖြူရဲ့ ဥပမာမှာဆိုရင် အရင်တည်တဲ့ ဂဏန်းက မွေးရက်ဖြစ်တဲ့ ၂၈ ပါ။ )။ နောက်ဆုံးဂဏန်းနှစ်လုံးကတော့ ဒုတိယတည်တဲ့ ဂဏန်းဖြစ်ပါတယ်(မောင်ဖြူရဲ့ ဥပမာမှာဆိုရင် အိမ်ရှိလူဦးရေ ၅ ဖြစ်ပါတယ်)။ အကယ်၍ တွက်ချက်မှုရဲ့ နောက်ဆုံးရလဒ်ဟာ ဂဏန်းသုံးလုံးဆိုရင်တော့ ရှေ့ဆုံးဂဏန်းတစ်လုံးက အရင်ဆုံးတည်တဲ့ ပထမဂဏန်းဖြစ်ပြီး ကျန်တဲ့ဂဏန်းနှစ်လုံးကတော့ ဒုတိယတည်တဲ့ ဂဏန်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ အွန်လိုင်းပေါ်က မိတ်ဆွေများနှင့်ပါ ဒီဂဏန်းတွက်နည်းလေးနဲ့ ခင်မင်ရင်းနှီးမှုကို တိုးမြင်နိုင်ပါတယ်။

မှတ်သားရန် လင်္ကာ
−−−−−−−−−−−−−−−
အိမ်နေကိုပျိုး၊ 'ထမ်းပိုး'တပ်လေး
'ငါး'တွေကိုနောက်၊ မြှောက်လော'မေတ္တာ'
ထိုခါနှောဦး၊ 'ဆတ်သွားဖူး'နှင့်
အထူးလျှို့ဝှက်၊ လူ့အသက်တည်
တစ်ချက်ထိုနောင်၊ နံသင့်ဆောင်၍
'သင့်အောင်ပေါင်း'နုတ်၊ ကြိုးအားထုတ်မူ
အဟုတ်အမှန်၊ ထွက်လိမ့်တည်း။

(ကျွန်တော့်စာအရေးအသားညံ့ဖျင်းမှုကြောင့် နားမလည်သည်များရှိသော အောက်မှာ COMMENT များပေးခဲ့နိုင်ပါတယ်)

မင်းသက်သန့်(Clicker)

Comments

Popular posts from this blog

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

ကျွဲ'ပါး'စောင်းတီး